
လားရှိုးလူငယ်များ လူမှုကူညီရေးအသင်း
၂၄. ၇. ၂၀၂၃
Written by Nyein Kyaw
လားရှိုးမြို့နယ်တွင် ပြောင်းစိုက်ခင်းအတွင်းရှိ 33 KV ဓာတ်အားလိုင်းကြိုးကို ဖြတ်ခိုးခဲ့သည့် အမျိုးသားတစ်ဦး ဓာတ်လိုက်၍ ဝမ်းဗိုက်ပွင့်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ဇူလိုင်လ ၂၄ ရက် မနက် ၉ နာရီ ၆ မိနစ်တွင် လားရှိုးမြို့နယ်၊ လွိင်လွမ့်ကျေးရွာ၊ ပြောင်းစိုက်ခင်းအတွင်းရှိ 33KV ဓာတ်အားလိုင်းကြိုးအား ဖြတ်ခိုးရာမှ အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးနေသဖြင့် ကူညီပေးရန် ကိုအောင်သူ(နယ်ထိန်း) မှ ဆက်သွယ်လာသဖြင့် လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းမှ သွားရောက်ကူညီပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်နေရာသို့ရောက်ရှိချိန်တွင် ကိုရာပြည့်(နယ်ထိန်း)ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များ၊ ဦးစိုင်းအောင်(လွိင်လွမ့်ကျေးရွာအုပ်ချုပ်ရေးမှူး)၊ မြသင်းကြူလျှပ်စစ်ကုမ္ပဏီမှ တာဝန်ရှိဝန်ထမ်းများ ပူးပေါင်းကာ ဓာတ်လိုက်၍ ဝမ်းဗိုက်ပွင့်သေဆုံးသူ အမျိုးသားအလောင်းအား သယ်ဆောင်၍ လားရှိုးပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနမှတစ်ဆင့် ရင်ခွဲရုံသို့ (PR-012)ဖြင့် ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ရောက်တဲ့အချိန်မှာ သေနေပြီ။ သူကဓာတ်အားလိုင်းကြိုးကို ခိုးရာကနေ ဓာတ်လိုက်သေတာ။ ဖြစ်စဥ်အသေးစိတ်ကိုတော့ ကျွန်တော်တို့ မသိရဘူး” ဟု လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ပြောသည်။
သေဆုံးသူအမျိုးသားမှာ (အမည်၊ နေရပ်)မသိရှိရသေးကြောင်းနှင့် သေဆုံးသူအားသိရှိပါက မိသားစုဝင်များထံသို့ အမြန်ဆုံး ဆက်သွယ်အကြောင်းကြားပေးနိုင်ပါရန် မေတ္တာရပ်ခံပန်ကြားထားသည်။





