October 18, 2024

၂၄. ၇. ၂၀၂၃
Written by Nay Aung

ထိုင်းနိုင်ငံ ရက်ချာဘူရီပြည်နယ် Damnoen Saduak ဒေသရှိ Chonprathan လမ်းမကြီးပေါ်တွင် ဇူလိုင် ၂၃ ရက် ည ၈ နာရီကျော်က ကားနှင့် ဆိုင်ကယ်တိုက်မိမှုဖြစ်ပွားခဲ့ရာ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားနှစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

Damnoen Saduak ရဲစခန်းမှ ရဲမှူး Saifon Lakphet ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ပွားရာနေရာကို သွားရောက်စစ်ဆေးချိန်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦးကို ဦးခေါင်းနှင့် ခန္ဒာကိုယ်တို့တွင် ပြင်းထန်သော ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း ပြောသည်။

သေဆုံးခဲ့သော မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦးသည် ထိုင်းနိုင်ငံတွင် လာရောက်အလုပ်နေသော အသက် (၄၁)နှစ်အရွယ်ရှိ ဇော်လင်းနှင့် မောင်မောင် ဆိုသူတို့ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

ကားနံပါတ် Kor-9631တပ်ဆင်ထားပြီး ထိုင်းနိုင်ငံသားမောင်းနှင်လာသော Honda Sedan အမျိုးအစား အဖြူရောင်ကား သည် မြန်မာနိုင်ငံသားနှစ်ဦး စီးနင်းလာသော Honda Wave ဆိုင်ကယ်ကို နောက်မှဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

အဆိုပါယာဥ်တိုက်မှုကြောင့် ဆိုင်ကယ်သည် ဆိုးရွားစွာပျက်စီးခဲ့ရသလို ကားသည်လည်း ရှေ့ခြမ်းတစ်ခုလုံး ပျက်စီးခဲ့ကြောင်း၊ ဆိုင်ကယ်သည် ကားတိုက်မှုကြောင့် လမ်းဘေးကို ထိုးကျသွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။

ထိုင်းရဲတပ်ဖွဲါသည် သေဆုံးနေသည့် မြန်မာနိုင်ငံသားနှစ်ဦး၏ ရုပ်အလောင်းကို Damnoen Saduak ဆေးရုံသို့ တင်ပို့ထားပြီး ကားသမားဖြစ်သော ထိုင်းနိုင်ငံသား Thosaporn Iewbang ကို စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။ အသက် ၄၂ နှစ်အရွယ်ရှိ ကားသမားသည် ကားတိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ထွက်ပြေးခြင်းမရှိဘဲ ထိုင်းရဲတပ်ဖွဲ့အလာကို စောင့်ဆိုင်းနေခဲ့ကြောင်း မျက်မြင်သက်သေများက ပြောသည်။

Ref- Khasoad

Leave a Reply

Your email address will not be published. Required fields are marked *