October 18, 2024

၂၄.၇.၂၀၂၃
Written By Thandar

မြန်မာဇာတ်လမ်းတွဲတွေ မရိုက်ကူးမီ ဇာတ်လမ်းခွင့်ပြုချက်ရယူဖို့အတွက် ဗီဒီယိုဆင်ဆာအဖွဲ့ကို လာမယ့် သြဂုတ်လ ၁ ရက်ကစပြီး တင်ပြရမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးသိန်းနိုင်က MT News ကို ပြောပါတယ်။

“ဦးတို့ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားတဲ့အတိုင်းပဲ။ ဇာတ်လမ်းတွဲတွေမရိုက်ခင် ခွင့်ယူချက်ရဖို့အတွက် ဗီဒီယိုဆင်ဆာအဖွဲ့ကို လာမယ့် ဩဂုတ် ၁ ရက်နေ့မှာ တင်ပေးရမှာ ဟုတ်ပါတယ်။ ထုတ်ပြန်ထားတဲ့အတိုင်းပါပဲ”လို့ ဦးသိန်းနိုင်က ပြောပါတယ်။

ရုပ်မြင်သံကြားလုပ်ငန်း လုပ်ကိုင်သူတွေ၊ ထုတ်လုပ်ရေးတွေအနေနဲ့ မြန်မာဇာတ်လမ်းတွဲတွေ မရိုက်ကူးမီ ဇာတ်လမ်းခွင့်ပြုချက်ရယူဖို့အတွက် ဇာတ်လမ်းအကျဉ်းနဲ့ အခန်းစဉ်တွေကို ဇာတ်လမ်းတွဲ မရိုက်ကူးမီ ဗီဒီယိုဆင်ဆာအဖွဲ့ဆီ ဩဂုတ် ၁ ရက်ကစပြီး ကြိုတင်တင်ပြရမှာဖြစ်တယ်လို့ ဇူလိုင် ၂၁ ရက်က သတင်းထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဒုတိယဥက္ကဋ္ဌဦးအေးကြူလေးက “အရင်ထဲက ရုပ်ရှင်ကားကြီးဆိုရင် ရိုက်ကူးခွင့် တင်ခဲ့ရတာရှိပါတယ်။ သက်ဆိုင်ရာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အကြောင်းကြားလာတာမို့အခုလို အစည်းအရုံးကထုတ်ပြန်တာပါ။ တချို့ဇာတ်ကားတွေက အိမ်ထောင်ရေးဖောက်ပြန်တာတွေများလာတော့ မသင့်တော်သလိုဖြစ်တယ်လို့ထင်တယ်။ ဒါကြောင့် ပြန်ကြားရေးက ဆင်ဆာအဖွဲ့ကို တင်ခိုင်းတာနေမှာပါ ”လို့ MT Newsကို ပြောပါတယ်။

ဗီဒီယိုဆင်ဆာအဖွဲ့ကို တင်ပြမှုမရှိဘဲ ရိုက်ကူးထားတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကို ဆင်ဆာကြည့်ရှုစစ်ဆေးခြင်း ဆောင်ရွက်မှာမဟုတ်ဘူးလို့လည်း အသိပေးချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

မြန်မာပြည်မှာ ဇာတ်လမ်းတွဲတွေ စတင်ရိုက်ကူး ထုတ်လုပ်တင်ဆက်ပြသခဲ့တဲ့ ၂၀၁၇ ခုနှစ်လောက်က စတင်လို့ ဒီနေ့အထိ ဇာတ်လမ်းတွဲတွေနဲ့ပတ်သက်လို့ ဗီဒီယိုဆင်ဆာအဖွဲ့ကို အခုလိုကြိုတင်ခဲ့ရတာမရှိခဲ့ဘူးလို့ သိရပါတယ်။

“ဦးတို့က ရုပ်ရှင်ကားကြီး ရိုက်ကတည်းက ဆင်ဆာအဖွဲ့ကို တင်နေကျပဲလေ။ ခုနောက် ရုပ်သံဇာတ်လမ်းတွဲ ရိုက်တော့လည်း ဦးတို့က ဆင်ဆာအဖွဲ့ကို တင်ပါတယ်။ ဘာလို့လဲဆို ကိုယ့်ဘက်က စိတ်မချဘူးဆိုရင် တင်လိုက်တာပေါ့။ ရိုက်ကူးပြီးမှ ခွင့်မပြုဘူးဆိုရင် ကိုယ့်ဘက် နစ်နာဆုံးရှုံးမှုတွေ ရှိလာနိုင်တယ်။ ဒါက တခြားသူတွေအတွက်သာပါ။ စိတ်မချရရင် ကြိုတင်လိုက်တာပဲ။ ရိုက်ပြီးမှဆို အဆင်မပြေဘူးလေ”လို့ စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးက ဦးဝင်းကြည်က MT News ကို ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *