October 18, 2024

၂၄.၇.၂၀၂၃
Written by Peya

လာမည့်ရွေးကောက်ပွဲ မဲပေးရာတွင် အသုံးပြုရန်အတွက် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) စနစ် အောင်မြင်သွားပြီဟု ရွေးကောက်ပွဲကော်မရှင်၏ ပြောကြားချက်အရသိရကြောင်း ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) ပါတီမှ ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ဦးလှဌေးက MT News သတင်းဌာနသို့ ပြောသည်။

MEVM စနစ်ကို အစိတ်အပိုင်း (၃) ခုဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး ယင်းတို့မှာ ဆန္ဒပြုစက် (Ballot Unit-BU)၊ ထိန်းချုပ်စက် (Control Unit -CU) နှင့် မဲပေးချက်ဖော်ပြသည့်စက် (Verification Unit -VU)) တို့ဖြစ်ဖြစ်ပြီး မဲပေးရာတွင် မဲရုံ၌ မဲဆန္ဒရှင်ပြည်သူများက မဲလက်မှတ်အသုံးပြုရန်မလိုဘဲ ဆန္ဒပြုစက်ရှိ မိမိနှစ်သက်ရာ ပါတီ/တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းနှင့် တစ်တန်းတည်းရှိ ခလုတ်ကိုနှိပ်ကာ မဲပေးနိုင်မည်ဖြစ်ကာ မဲပေးထားချက် မှန်/မမှန်ကို မဲပေးချက်ဖော်ပြသည့် စက်မှထွက်ပေါ်လာသည့် မဲစက္ကူဖြတ်ပိုင်းတွင် ချက်ချင်းကြည့်ရှုနိုင်မည်ဖြစ်သည်။

“အခုတစ်ခါ မဲပေးတဲ့ စနစ်မှာက အီလက်ထရောနစ် မဲပေးတဲ့စနစ်ကို သွားမယ်ဗျ။ အရင်လို မဟုတ်တော့ဘူး။ အဲ့ဒါကတော့ သေချာသွားပြီတဲ့။ အဲ့ဒီ စနစ်ကလည်း စမ်းသပ်တာ အောင်မြင်သွားပြီဖြစ်တဲ့အတွက် စက်တွေနဲ့ မဲပေးရမယ်။ အတည်ဖြစ်သွားပြီ။ မဲပေးချင်တဲ့ ပါတီကို နှိပ်လိုက်တာနဲ့ အော်တို ဖြစ်သွားပြီ” ဟု ရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီများကို ပြောကြားထားသည့် အချက်အလက်ကို ကိုးကား၍ ၎င်းက ဆိုသည်။

ထိုသို့ မဲပေးရာတွင် တစ်ချက်သာနှိပ်ရမည်ဖြစ်ပြီး မှားသွားလျှင် ထပ်ပြင်၍ ရမည်မဟုတ်တော့ဘဲ မဲ အမှားအယွင်းရှိတော့မည် မဟုတ်ကြောင်းလည်း ၎င်းက ဆိုသည်။

မဲပေးခြင်းမစတင်မီ၌ ပါတီ/တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲရုံကိုယ်စားလှယ်များအနေဖြင့် စမ်း သပ်မဲပေး၍ စက်ကိုစမ်းသပ်နိုင်ပြီး စက်တွင် သိမ်းဆည်းထားသော ရလဒ်များနှင့် မဲပုံးအတွင်း စမ်းသပ်မဲပေးထားသော မဲစက္ကူဖြတ်ပိုင်းများ ကိုက်ညီမှု ရှိ၊ မရှိလည်း စစ်ဆေးနိုင်မည်ဖြစ်ကာ ထိုသို့စမ်းသပ်စစ်ဆေးပြီးမှသာ မဲရုံဖွင့်၍ မဲပေးခြင်း စတင်မည်ဖြစ်ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *