October 18, 2024

၂၄. ၇. ၂၀၂၃
Written by Nyein Kyaw

ရတနာဆင်ဖြူတော်လေး “ရဋ္ဌနန္ဒက” (တိုင်းပြည်က ချစ်ခင်မြတ်နိုး၍ နိုင်ငံတော်၏ သာယာဝပြောပျော်ရွှင်ခြင်းကို ဆောင်ကျဉ်းပေးမည့် ဆင်ဖြူရတနာ)၏ အသက်(၁)နှစ်ပြည့် မွေးနေ့မင်္ဂလာအခမ်းအနားကို ဇူလိုင်လ ၂၃ ရက်တွင် ကျင်းပခဲ့ပြီး SAC ဥက္ကဋ္ဌနှင့် ဇနီးတို့ ‌တက်ရောက်ခဲ့သည်။

နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ရတနာဆင်ဖြူတော်လေး “ရဋ္ဌနန္ဒက”အား အသက် (၁) နှစ်ပြည့်အထိမ်းအမှတ် လက် ဆောင်ကို ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့သည်။ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ ဒုတိယဝန်ကြီးချုပ်နှင့်ဇနီးတို့က ရတနာဆင်ဖြူတော်လေး “ရဋ္ဌနန္ဒက”နှင့် မိခင်ဆင်မကြီးတို့အား အစာအာဟာရများ ကျွေးမွေးခဲ့သည်။

ဆက်လက်ပြီး ရတနာဆင်ဖြူတော်လေး၏ အသက် (၁) ပြည့်အထိမ်းအမှတ် မွေးနေ့ဖယောင်းတိုင်ကို မီးမှုတ်ပြီး အခမ်းနားမှူးက ရတနာဆင်ဖြူတော်လေး “ရဋ္ဌနန္ဒက”၏ မွေးနေ့မင်္ဂလာအတွက် ဆုတောင်းစကား မြွက်ကြွား၍ မေတ္တာပို့သည်။ ထို့နောက် နိုင်ငံတော်တွင် ဒသမအကြိမ်မြောက် ပေါ်ထွန်းခဲ့သော ရတနာဆင်ဖြူတော်လေး၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ရတနာဆင်ဖြူတော်လေး “ရဋ္ဌနန္ဒက” က ‌ချိုးဖြူငှက် ၁၀ ကောင်အား ဘေးမဲ့လွှတ်ပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့က အခမ်းအနားအောင်မြင်ခြင်းအထိမ်းအမှတ် ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကြပြီး အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ ရတနာဆင်ဖြူတော်ဆောင်အတွင်းရှိ ရတနာဆင်ဖြူတော်များနှင့် ရတနာဆင်ဖြူတော် အဖော်ဆင်များကို အစာအဟာရများကျွေးမွေးခဲ့ကြသည်။

အဆိုပါ ရတနာဆင်ဖြူတော်လေး “ရဋ္ဌနန္ဒက” မှာ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မဇာနန်းလှက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက် နံနက် မင်္ဂလာအချိန် ၆ နာရီ ၃၀ မိနစ်တွင် မွေးဖွားခဲ့ခြင်းဖြစ်သည်။ မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့်ရှိသည်။

ရတနာဆင်ဖြူတော်လေးသည် ရတနာဆင်ဖြူတော်များ၏ မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်း သဏ္ဍာန်ဖြစ်ခြင်း၊ အမွှေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ ဩဇာကွက်ဖြစ်ခြင်း၊ အသားအရေ ပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ငါးခုစီနှင့် နောက်ခြေသည်း လေးခုစီပါရှိခြင်း၊ နားကြီးခြင်း စသည့်ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၈ ချက်အနက်  ကြန်အင်လက္ခဏာ ၇ ချက်နှင့် ကိုက်ညီသော ဆင်ဖြူတော်လေးဖြစ်သည်။

မိခင်ဆင်မကြီးနှင့်အတူ နေပြည်တော်သို့ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် ရောက်ရှိခဲ့ကာ ဆင်ဖြူတော်ကလေးမှာ ယခု အသက် (၁) နှစ်သားတွင် အရပ်အမြင့် ၃ ပေ ၁၀ လက်မ ကိုယ်အလေးချိန် ၆၇၀ ပေါင်ရှိလာပြီး နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော် ဝတ္ထုကံမြေအတွင်းရှိ ရတနာဆင်ဖြူတော်ဆောင် နေထိုင်လျက်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *