October 18, 2024

၂၄. ၇. ၂၀၂၃
Written by Tha Doe

ကမ္ဘာပေါ်ရှိ ထိုင်တော်မှုကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွား တော်မြတ်ကြီး တည်ထားကိုးကွယ်မှုအခြေအနေများနှင့်ပတ်သက်၍ ကြည်ညိုသဒ္ဓါပွားများနိုင်ရေး ရှင်းလင်းပြသခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးပရိဝုဏ်အတွင်းရှိ ယာယီရှင်းလင်းဆောင်၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဦးဆောင်ဘုရားဒါယကာ SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော်အရာရှိကြီးများ၊ သာသနာနုဂ္ဂဟဘွဲ့ရပုဂ္ဂိုလ် အလှူရှင်များ၊ မိတ်ဖက်ကုမ္ပဏီများမှအလှူရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

နိုင်ငံတော်အတွက် ဂုဏ်ယူဖွယ်ရာဖြစ်သည့် နေပြည်တော်တွင် မာရဝိဇယဘုရားကြီး တည်ထားကိုးကွယ်နေသည့် အခြေ အနေများကို ကြည်ညိုသဒ္ဓါပွားများနိုင်ရေး သိရှိရန်လိုအပ်သည်ဟု ယူဆသဖြင့် ယခုကဲ့သို့ ရှင်းလင်းပြသခြင်းဖြစ်ပြီး ဇွန်လ ၂၉ ရက်တွင်လည်း သာသနာနုဂ္ဂဟဘွဲ့ရ ပုဂ္ဂိုလ်များ၊ ပြည်တွင်းဘဏ်များနှင့် ကုမ္ပဏီကြီးများမှတာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်တွင်းရုပ်သံလိုင်းများနှင့် ဆက်သွယ်ရေးအော်ပရေတာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သတ္တုလုပ်ငန်းကုမ္ပဏီများမှ တာဝန်ရှိပုဂ္ဂိုလ်များ ပထမအကြိမ်အဖြစ် ရှင်းလင်းခဲ့ပြောကြားခဲ့ပြီး ယခုလ ၈ ရက်နေ့တွင်လည်း ယာယီသမ္မတ ဦးမြင့်ဆွေနှင့်ဇနီး ဒေါ်ခင်သက်ဋ္ဌေး၊ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်၊ တပ်မတော်အငြိမ်းစားအရာရှိကြီးများနှင့်ဇနီးများကို မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည် ထားကိုးကွယ်ခြင်းနှင့် ပတ်သက်၍ ဒုတိယအကြိမ်အဖြစ် ရှင်းလင်းပြသခဲ့ကြောင်း၊ ယခုအကြိမ်သည် တတိယအကြိမ်အဖြစ် ကြည်ညိုသဒ္ဓါပွားများနိုင်စေရေး ရှင်းလင်းပြောကြားခြင်းဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ထို့နောက် SAC ဥက္ကဋ္ဌက မာရဝိဇယရုပ်ပွားတော်မြတ်ကြီးဖြစ်ပေါ်လာမည့် စကျင်ကျောက်တော်ကြီးကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)က ၂၀၁၇ ခုနှစ်တွင် တပ်မတော်သို့ လွှဲအပ်ခဲ့ကြောင်း၊ ကျင်တောင်မှ သယ်ဆောင်ရန်အတွက် ဆောင်ရွက်ရာ တွင်လည်း တပ်မတော်အင်ဂျင်နီယာတပ်ဖွဲ့နှင့် တပ်မတော် (ရေ)တို့ပူးပေါင်း၍ မြောင်မြစ်သို့ တူးမြောင်းဖောက်လုပ်ရာတွင် မြေကျင်း ၉၂၅၀၇ ကျင်း၊ တူးမြောင်း အရှည် ၄၅၈၃ ပေ ဖောက်လုပ်ဆောင်ရွက်ခဲ့ရကြောင်း၊ အလားတူ ဆီမီးခုံဆိပ်ကမ်းသို့လည်း ရေယာဉ်များဆိုက်ကပ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ခဲ့ရကြောင်း။ ၂၀၂၀ ဇူလိုင် ၃ ရက်တွင် ကျောက်တုံးတော်ကြီးများကို စတင်ပင့်ဆောင်ခြင်းအခမ်းအနားကို ဆောင်ရွက်၍ပင့်ဆောင်ခဲ့ကြောင်း၊ ကျောက်တုံးတော်ကြီးများ ထိခိုက်မှုမရှိစေရေး စနစ်တကျဖြင့်ပင့်ဆောင်ခဲ့ရပြီး စုစုပေါင်းအနေဖြင့် ၉ ကြိမ် ပင့်ဆောင်ခဲ့ရကာ တန်ချိန်အားဖြင့် ၈၁၅၈ တန်သယ်ဆောင်ခဲ့ရကြောင်း၊ ရေလမ်းခရီးဖြင့် စကျင်ကျောက်တုံးကြီးကို သယ်ဆောင်ခြင်းသည် ကမ္ဘာပေါ်တွင်မှတ်တမ်းဝင်ခဲ့ကြောင်း၊ စက်တင်ဘာ ၁၈ ရက်တွင် ကျောက်တုံးတော်ကြီးများအားလုံး ဆီမီးခုံဆိပ်ကမ်းသို့ ရောက်ရှိခဲ့ကြောင်း၊ ဆီမီးခုံဆိပ်ကမ်းမှ စကားအင်းအဝိုင်းအကြား ကျောက်တုံးတော်ကြီးများ ချောမွေ့စွာသယ်ယူပင့်ဆောင်နိုင်ရေး ၂၂ မိုင် ၅ ဖာလုံအရှည်လမ်း အား အသစ်ဖောက်လုပ်ဆောင်ရွက်ခဲ့ပြီး နေပြည်တော်သို့ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် စတင်ပင့်ဆောင်ခဲ့ကြောင်း၊ ထိုသို့ပင့်ဆောင်ရာတွင်လည်း တန်ချိန် ၁၅၀၀ နှင့် ၂၀၀၀ ကြား သယ်ဆောင်နိုင်သည့် ကားများသွားလာနိုင်ရေး ရှောင်ကွင်းလမ်းများ ဖောက်လုပ်ခြင်းနှင့် လမ်းများအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ရကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်အချိန်အားဖြင့် ၄ လကြာမြင့်ခဲ့ကြောင်း၊ ကျောက်တော်ကြီးများပင့်ဆောင်သည့် အချိန်သည် ကိုဗစ်ကာလဖြစ်ပွားနေချိန်နှင့်နိုင်ငံရေးအရအကြပ် အတည်းများ ဖြစ်နေဖြစ်သဖြင့် အချို့မှာ ကျောက်တော်ကြီးများ ပင့်ဆောင်မှုကို အသေးစိတ်သိရှိမှုနည်းပါးကြကြောင်းနှင့် အသေးစိတ်ထုဆစ်တပ်ဆင်ပုံများ၊ ပိဋကတ်သုံးပုံထုဆစ်မှုများ၊ ဝိဇယဘူမိနိမ္မာန အောင်မြေတည် ထားမှုများ၊ သဒ္ဒါဓိပတိခေါင်းလောင်းတော်လှူဒါန်းထားမှုများ၊ ဥဏ္ဏလုံမွေးရှင်တော်မြတ်ကိုလည်း တပ်ဆင်ပူဇော်ခဲ့ကြောင်း၊ ရုပ်ပွားတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် တန်ချိန် ၂၀၀၀၀ အထိခံနိုင်သော အောက်ခံအမာရရှိရေး၊ တစ်နာရီလေတိုက်နှုန်း မိုင် ၁၂၀ ရှိသည့် လေပြင်းမုန်တိုင်းတိုက်ခတ်မှုဒဏ်ခံနိုင်ရေး၊ မြန်မာနိုင်ငံတွင် အမြင့်ဆုံးလှုပ်ခတ်နိုင်သည့် Earthquake Magnitude ၈ ဒသမ ၈ အထိ မြေငလျင်ဒဏ်ခံနိုင်ရေးနှင့် လျှပ်စီးမိုးကြိုးများကြောင့် ဆင်းတုတော်ကြီး ထိခိုက်မှုမရှိစေရေးတို့အတွက် အင်ဂျင်နီယာရှုထောင့်မှ စနစ်တကျတွက်ချက်တည်ထားခဲ့ပုံများ အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများက မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓဥယျာဉ်တည် ဆောက်ခြင်းအတွက် ကြည်ညိုသဒ္ဒါပွားများလျက် အလှူငွေများကို ပေးအပ်လှူဒါန်းလာသဖြင့် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အသီးသီးလက်ခံရယူသည်။ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓ ဥယျာဉ်တည်ဆောက်ခြင်းအတွက် ယနေ့တက်ရောက်လာကြသူများ၏ လှူဒါန်းမှု အနေဖြင့် စေတနာရှင်အလှူရှင် ၃၇၇ ဦးမှ လှူဒါန်းငွေ ၁၇ ဒသမ ၄၁၅ ဘီလီယံ (ငွေကျပ် ၁၇၄၁၅ သန်း) ဖြစ်ကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *