ဝိဇယဘူမိနိမ္မာန အောင်မြေတွင် မဇ္ဇျိမဒေသ ဗုဒ္ဓဂယာ သတ္တဌာန ၇ နေရာမှ အောင်မြေများနှင့် နိုင်ငံတော်တစ်ဝန်းလုံးရှိ တန်ခိုးကြီးမားစေတီ ဘုရားများရှိ အောင်မြေဌာန ၃၅ ဌာနမှ အောင်မြေများဖြင့် တည်ခဲ့
MT News
ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးတည်ဆောက်လျက်ရှိသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မျက်နှာတော်မူရာ တူရှုအရပ်တွင် ဝိဇယဘူမိနိမ္မာန အောင်မြေတည်ထားခြင်း မဟာမင်္ဂလာအခမ်းအနားနှင့် သဒ္ဒါဓိပတိ ခေါင်းလောင်းတော်ကြီးဖွင့်လှစ်ခြင်း မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ဦးဆောင်ဘုရားဒါယကာ SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ပူဇော်သည်။
မာရဝိဇယ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မျက်နှာတော်မူရာအရပ်တွင် အောင်မြေတည်ထားခြင်း ဆောင်ရွက်ရာတွင် ဗုဒ္ဓဂယာမှ သတ္တဌာန ၇ နေရာ၏ အောင်မြေများနှင့် နိုင်ငံတော်တစ်ဝန်းလုံးရှိ တန်ခိုးကြီးဘုရားစေတီများရှိ အောင်မြေဌာနပေါင်း ၃၅ ဌာနတို့မှ အောင်မြေများကို ရယူ၍ ဝိဇယဘူမိနိမ္မာန အောင်မြေတည်ထားခြင်းဖြစ်ကြောင်း သိရသည်။
သဒ္ဒါဓိပတိ ခေါင်းလောင်းတော်ကြီးကိုတည်ထားရာတွင်လည်း မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာကို ပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒ ဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာဝပြောမှု ရှိစေရန်၊ ကမ္ဘာကြီး ငြိမ်းချမ်းသာယာမှုဖြစ်စေရန်ရည်သန်လျက် အမြင့် ၅ ပေ၊ ထိပ်ဝအကျယ် ၄ ပေ ၁ လက်မ၊ အလေးချိန် ၇၃၈ ကြေးပိဿာရှိသော ခေါင်းလောင်းတော်ကြီးကို ဦးဆောင်ဘုရားဒါယကာ SAC ဥက္ကဋ္ဌနှင့် ဇနီး သား၊ သမီး၊ မြေးများ မိသားစုမှလှူဒါန်းခဲ့ခြင်းဖြစ်သည်။