MT News
Written by Min Mahar
နေအိမ်ရှေ့ထိုင်ခုံပေါ်၌ထိုင်နေသော အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံးသွားမှု တောင်သာမြို့နယ်တွင် ယမန်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇူလိုင်၂၂ ရက်)နေ့လည် ၁ နာရီခွဲခန်က မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ သာယာကြီးကျေးရွာတွင်နေထိုင်သော အသက် ၅၀ နှစ်အရွယ်ခန့် အမျိုးသားကြီးသည် နေအိမ်ရှေ့ထိုင်ခုံပေါ်၌ထိုင်နေစဉ်အတွင်း အမျိုးသား ၂ ဦးက ဆိုင်ကယ်တစ်စီးဖြင့်ရောက်ရှိလာပြီး သေနတ်အရှည်ဖြင့်ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်း သေဆုံးသူ၏ဇနီးဖြစ်သူ ပြောပြချက်အရ သိရသည်။
အဆိုပါသေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် အမျိုးသားကြီးသည် ဦးခေါင်းဝဲချိုစောင်းမှ နောက်စေ့ ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်နှင့် ရင်အုံမှ ဝဲလက်ပြင် ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်တို့ရရှိကာ သေဆုံးသွားခဲ့သဖြင့် အလောင်းအား တောင်သာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်ဖြစ်ပွားသည့်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး အခင်းဖြစ်နေရာမှလည်း ၅.၅၆ ကျည်ခွံ ၆ ခုသိမ်းဆည်းရရှိခဲ့ကြောင်းနှင့် ပစ်ခတ်သူနှစ်ဦးကိုလည်း သေဆုံးသွားသူ၏ဇနီးဖြစ်သူမှ တောင်သာမြို့၊ မြို့မရဲစခန်းတွင် တိုင်ကြားခဲ့သဖြင့် (ပ)၅၇/၂၀၂၃၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။