MT News
Written by Nay Moe
မွန်ပြည်နယ် ပေါင်မြို့နယ် ဥတ္တံတားကျေးရွာတွင် ရဲတပ်သားတစ်ဦးနှင့် အရပ်သားတစ်ဦး စားသောက်ဆိုင်ထိုင်နေစဥ် ပစ်ခတ်သတ်ဖြတ်ခံရမှု ယနေ့ညဦးပိုင်းတွင် ဖြစ်ပွားခဲ့သည်ဟု ကနဦးသတင်းများအရ သိရသည်။
“တစ်ယောက်က ဇင်းကျိုက်နယ်မြေရဲစခန်းက ဥတ္တံတားနယ်ထိန်းရဲတပ်သားလို့သိရတယ်။ တစ်ယောက်ကတော့ ဝါယာရိန်းအလုပ်လုပ်တဲ့သာမန်အရပ်သားပါ။ သူတို့စားသောက်ဆိုင်ထိုင်နေချိန်မှာ ဥတ္တံတားဘက်ကနေ ဆိုင်ကယ်နဲ့ထွက်လာတဲ့လူငယ်နှစ်ယောက်က ပစ်သွားတာ။ နှစ်ယောက်စလုံးက ထိုင်လျက်ကျည်ထိပြီး နေရာတင်ပွဲချင်းပြီးဆုံးသွားတာ။ ခဏနေတော့ တာဝန်ရှိသူတွေရောက်လာပြီး အလောင်းတွေသယ်၊ စစ်ဆေးနဲ့လုပ်သွားတာ” ဟု ဒေသခံတစ်ဦးက ၎င်းသိရှိရသည်ကို ပြောသည်။
ဖြစ်စဥ်မှာ ယနေ့ ညဦးပိုင်း ၆ နာရီကျော်အချိန်တွင် ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာ၊ မော်လမြိုင် – ရန်ကုန် ကားလမ်းဘေးရှိ စားသောက်ဆိုင်အတွင်း ထိုင်နေသည့် ဇင်းကျိုက်ရဲစခန်းမှ နယ်ထိန်းရဲတပ်သားဖြိုးဇော်အောင်နှင့် အရပ်သားဖြစ်သူ ကိုစည်သူတို့ ၂ ဦးကို PDF လူငယ်၂ ဦးက ဥတ္တံတားရွာဘက်မှ ဆိုင်ကယ်ဖြင့်လာရောက်၍ ပစ္စတိုဖြင့် ၁၀ ချက်ခန့် ပစ်ခတ်သွားခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်နေရာတွင်ပင် နှစ်ဦးစလုံး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ကနဦးသတင်းများအရ သိရှိရသည်။
ထိုဖြစ်စဥ်အပေါ် ပစ်ခတ်သည့် PDF များဘက်မှ ထုတ်ပြန်မှုမရှိသေးသလို MT News သတင်းဌာနအနေဖြင့်လည်း ဇင်းကျိုက်နယ်မြေရဲစခန်းအပါအဝင် တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းနေပြီးထပ်မံသိရှိရသည်များကို ဆက်လက်ဖော်ပြပေးမည်ဖြစ်သည်။