၂၃. ၇. ၂၀၂၃
Written by Nay Aung
ထိုင်းရဲတပ်ဖွဲ့သည် ဘန်ကောက်မြို့ Ekamai အရပ်ဒေသတွင် တရားမဝင်ဖွင့်လှစ်ထားသည့် အလှပြင်ဆေးခန်းကို စီးနင်းရှာဖွေခဲ့ပြီးနောက် မြန်မာအမျိုးသမီးဆရာဝန်တစ်ဦး အပါအဝင် အလှပြင်ဆေးခန်းရှိ ပစ္စည်းများကို သိမ်းယူကာ ဆိုင်ကိုလည်း ပိတ်လိုက်ကြောင်း သိရသည်။
တရားမဝင်ဖွင့်လှစ်ထားသည့်အလှပြင်ဆေးခန်းကိုစီးနင်းရှာဖွေရန် ထိုင်းကျန်းမာရေး ဝန်ကြီးဌာနက ညွှန်ကြားခဲ့ပြီးနောက် ထိုင်းရဲတပ်ဖွဲ့သည် ဇူလိုင် ၂၁ ရက်နေ့တွင် အလှပြင်ဆေးခန်းကိုစီးနင်းရှာဖွေခဲ့ခြင်းဖြစ်သည်။
စီးနင်းခံရသည့် CCoco Beauty Clinic အလှပြင်ဆေးခန်းကို တရုတ်စီးပွားရေးလုပ်ငန်းရှင်များက စီမံခန့်ခွဲနေပြီး ဘန်ကောက်မြို့တွင် ၉ လကျော်ကြာ ဖွင့်လှစ်ထားသောအလှပြင်ဆေးခန်းဖြစ်ကြောင်း ထိုင်းရဲမှူးချုပ် Anan Nanasombat က ပြောသည်။ အဆိုပါ အလှပြင်ဆေးခန်းသည် လူမူကွန်ရက်တွင် လူသိများသော Influencer များကိုအသုံးပြုကာ ကြော်ငြာပြီး နိုင်ငံခြားသားများကို အဓိကပစ်မှတ်ထားသည့် အလှပြင်ဆေးခန်းဖြစ်ကြောင်း ထိုင်းရဲမှူးချုပ်က ပြောသည်။
အဆိုပါအလှပြင်ဆေးခန်းတွင် အလှပြင်ဆရာဝန်အဖြစ် လုပ်ကိုင်နေသူသည် အယ်မွန်အမည်ရှိ မြန်မာနိုင်ငံသားအမျိုးသမီးဖြစ်သည်။ အယ်မွန်က ၎င်းသည် ဆရာဝန်တစ်ဦးဖြစ်ပြီး လာရောက်အလှပြင်သူများကို ရောဂါရှာဖွေခြင်း၊ ဗီတာဗင်ဆေးထိုးခြင်းအပါအဝင် ဆေးဝါးနှင့်ပတ်သက်သော လုပ်ထုံးလုပ်နည်းများကိုလုပ်ဆောင်ပေးကြောင်း ဝန်ခံပြောဆိုထားသည်ဟု ထိုင်းရဲတပ်ဖွဲ့ကပြောသည်။
အယ်မွန်က ၎င်းသည် မြန်မာနိုင်ငံရှိ ဆေးကျောင်းမှဘွဲ့ရရှိခဲ့သူဖြစ်ပြီး ဖောက်သည်တစ်ဦးကို အလှပြင်ဆေးကုသပေးပါက တစ်ဦးအတွက် ဘတ် ၂၀၀၀ ရရှိပြီး တစ်လကျော်ကြာအလုပ်လုပ်နေကြောင်း ဝန်ခံပြောဆိုထားသည်။ အယ်မွန်သည် CCoco Beauty Clinic အလှပြင်ဆေးခန်းတွင် အထွေထွေမန်နေဂျာအဖြစ်ခန့်အပ်ခံရသူဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။
ထိုင်းရဲတပ်ဖွဲ့သည် အယ်မွန်ကို ထိုင်းနိုင်ငံတွင် တရားမဝင်အလုပ်လုပ်ကိုင်နေသူအဖြစ် စွပ်စွဲထားသလို ထိုင်းနိုင်ငံတွင်ဆေးဝါးကုသရန် လိုင်စင်မရှိဘဲ ဆေးဝါးကုသနေသူအဖြစ် စွဲချက်တင်သွားဖွယ်ရှိနေကြောင်း သိရသည်။
ထိုင်းရဲတပ်ဖွဲ့သည် အဆိုပါအလှပြင်ဆိုင်ကို စီးနင်းချိန်အတွင်း ထိုင်းဘတ် ၅ သန်းကျော်တန်ဖိုးရှိ အလှပြင်ပစ္စည်း ၁၆ ခုနှင့် ဆေးဝါးကုသရာတွင်အသုံးပြုသော ပစ္စည်းများကို သိမ်းဆည်းခဲ့ကြောင်း သိရသည်။ ထိုင်းရဲတပ်ဖွဲ့အနေဖြင့် အဆိုပါတရားမဝင် ဖွင့်လှစ်ထားသော အလှပြင်ဆေးခန်းနှင့်ပတ်သက်ပြီး ပိုင်ရှင်အပါအဝင် ပါဝင်နေသူများကို စွဲချက်တင်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
Ref- Bankokpost