MT News
Written by Tha Doe
ရန်ကုန်စတော့အိတ်ချိန်း၏ စတော့ရှယ်ယာအရောင်းအဝယ်ဖြစ်မှုမှာ သုံးရက်ဆက်တိုက် ပြန်လည်ကျဆင်းလာပြီး စက်တင်ဘာ ၇ ရက်တွင် ကျပ် ၃၀၀၀ ခုန်တက်၍ ရှယ်ယာတစ်စု ကျပ် ၂၄၀၀၀ ဖြစ်ခဲ့သည့် FPB ဘဏ်ရှယ်ယာမှာလည်း ကျပ် ၂၀၀၀ အထိ ပြန်လည်ကျဆင်းကာ ရှယ်ယာတစ်စု ကျပ် ၂၂၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်ခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်း၏ စက်တင်ဘာ ၉ ရက် အရောင်းအဝယ်ဖြစ်မှုများအရ သိရသည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် အစုရှယ်ယာများမှာ ယခင်က တစ်နေ့တာအရောင်းအဝယ်ဖြစ်သည့် အစုအရေအတွက်မှာ ရာဂဏန်းသာဖြစ်သည့်အထိ ရှယ်ယာအရောင်းအဝယ်ကျဆင်းနေရာမှ ယခုလမှစတင်ကာ ရှယ်ယာများ အစုပေါင်းသောင်းချီ အရောင်းအဝယ်ပြုလုပ်လာသည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီမှ ဩဂုတ်လအတွင်း အစုရှယ်ယာ ၁၀၀၀၀ အထက် အရောင်းအဝယ်ပြုလုပ်နိုင်သည့်ရက်မှာ ဇန်နဝါရီ ၃၁ ရက်တွင် ၁၀၅၀၅ စု၊ ဖေဖော်ဝါရီ ၉ ရက်တွင် အစုရှယ်ယာ ၁၀၆၇၂ စု၊ ဧပြီ ၂၅ ရက်တွင် ၁၀၂၅၉ စု၊ ဩဂုတ် ၃၀ တွင် ၂၀၃၉၆ စု အရောင်းအဝယ်ဖြစ်ခဲ့ပြီး ကျန်ရက်များမှာ အစုရှယ်ယာ ရာဂဏန်းနှင့် ထောင်ဂဏန်းသာ အရောင်းအဝယ်ဖြစ်ခဲ့သည်။
အဆိုးဆုံးအဖြစ် ၂၀၂၂ ခုနှစ် ဇွန် ၃၀ တွင် စာရင်းဝင်ကုမ္ပဏီခုနစ်ခုမှ အစုရှယ်ယာ ၂၅၃ စုသာ အရောင်းအဝယ်ဖြစ်ခဲ့ခြင်းနှင့် မေ ၂၅ ရက်တွင် ၃၆၉ စု၊ မတ် ၂၃ ရက်တွင် ၄၁၁ စု၊ ဇန်နဝါရီ ၁၄ ရက်တွင် ၄၇၅ စုအထိ ကျဆင်းခဲ့သည်။ ထိုသို့ အရောင်းအဝယ်ဖြစ်မှု ကျဆင်းနေရာမှ စက်တင်ဘာ ၁ ရက်တွင် အစုရှယ်ယာ ၂၅၈၅၂ စုမှ ကျပ် သိန်း ၈၄၀ ကျော်၊ စက်တင်ဘာ ၂ ရက်တွင် အစုရှယ်ယာ ၂၃၉၂၃ စုမှ ကျပ် ၉၉၈ သိန်းကျော်၊ စက်တင်ဘာ ၅ ရက်တွင် အစုရှယ်ယာ ၃၄၅၃၀ စုမှ ကျပ် ၁၇၆၉ သိန်းကျော်နှင့် စက်တင်ဘာ ၆ ရက်တွင် အစုရှယ်ယာ ၄၈၂၈၃ စုမှ ကျပ် ၂၆၂၉ သိန်းကျော်ဖိုးအထိ ပြန်လည်မြင့်တက်လာခဲ့ပြီးနောက် စက်တင်ဘာ ၇ ရက်တွင် အစုရှယ်ယာ ၂၄၃၆၁ စုမှ ကျပ် ၁၃၁၆ သိန်းကျော်သို့ ပြန်လည်ကျဆင်းခဲ့သည်။ ထို့နောက် စက်တင်ဘာ ၈ ရက်တွင် အစုရှယ်ယာ ၁၇၅၂၆ စုမှ ကျပ် ၉၁၄ သိန်းကျော်သို့ ပြန်လည်ကျဆင်းခဲ့ပြီး စက်တင်ဘာ ၉ ရက်တွင်လည်း အစုရှယ်ယာ ၁၃၀၅၇ စုမှ ကျပ် ၈၈၆ သိန်းကျော်သာ အရောင်းအဝယ်ပြုလုပ်နိုင်ခဲ့သည့်အထိ အရောင်းအဝယ်ဖြစ်မှု သုံးရက်ဆက်တိုက် ပြန်လည်ကျဆင်းခဲ့သည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် စက်တင်ဘာ ၉ ရက်၌ ဖြစ်ပေါ်ခဲ့သည့် စတော့ရှယ်ယာစျေးနှုန်းများအနက် FMI, MCB, TMH နှင့် Amata ရှယ်ယာများမှာ စျေးနှုန်းအတက်မပြခဲ့ဘဲ စျေးကွက်ပိတ်ချိန်တွင် FMI ရှယ်ယာတစ်စု ကျပ် ၁၀၅၀၀၊ MCB ရှယ်ယာတစ်စု ကျပ် ၇၉၀၀၊ TMH ရှယ်ယာတစ်စု ကျပ် ၂၈၀၀၊ Amata ရှယ်ယာတစ်စု ကျပ် ၅၄၀၀ ဖြင့် စက်တင်ဘာ ၈ ရက်စျေးပိတ်ချိန်စျေးနှုန်းအတိုင်း ဖြစ်ပေါ်ခဲ့သည်။ သို့သော် ကျန်ရှယ်ယာများမှာမူ စျေးနှုန်းကျဆင်းခဲ့ပြီး သီလဝါ MTSH ရှယ်ယာတစ်စု ကျပ် ၃၅၀၀ ဖြင့် ကျပ် ၂၅၀ ကျဆင်းခဲ့ပြီး EFR ရှယ်ယာတစ်စု ကျပ် ၂၇၀၀ ဖြင့် ကျပ် ၂၀၀ ကျဆင်းကာ FPB ရှယ်ယာမှာမူ ရှယ်ယာတစ်စု ကျပ် ၂၂၀၀၀ ဖြင့် ကျပ် ၂၀၀၀ ကျဆင်းခဲ့ကြောင်း သိရသည်။