၂၂. ၇. ၂၀၂၃
Written by Pan Ei
မကြာသေးမီက အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျကာတာမှာ အမေရိကန်ဒေါ်လာ ၁၃,၀၀၀ (မြန်မာငွေနဲ့ဆို ကျပ် သိန်း ၄၀၀ နီးပါး ) အကုန်အကျခံကာ ခွေးမင်္ဂလာပွဲကို ကျင်းပပေးခဲ့တဲ့သတင်းဟာ ဆိုရှယ်မီဒီယာမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ပါတယ်။
ကမ္ဘာပေါ်မှာ ချမ်းသာကြွယ်ဝမှု မညီမျှတဲ့ ဝင်ငွေအလယ်အလတ်သာရှိတဲ့ နိုင်ငံမှာ အခုလို ငွေကြေးများစွာ အကုန်အကျခံ ခွေးမင်္ဂလာဆောင် ပြုလုပ်ခဲ့တာက လူပြောစရာဖြစ်စေခဲ့ဖြစ်ပြီး ပြုလုပ်ခဲ့တဲ့ အင်ဒိုနီးရှားအမျိုးသမီးနှစ်ဦးက ပြန်လည်တောင်းပန်ခဲ့ပါတယ်။
ဂျကာတာမြို့က ကုန်တိုက်တစ်ခုမှာ ခွေးပိုင်ရှင်တွေနဲ့ ဆွေမျိုးတွေက ခွေးတွေကို ဂျာဗားရိုးရာဝတ်စုံတွေ ၀တ်ဆင်ပေးကာ မဂ်လာပွဲ ကျင်းပပေးခဲ့တာဖြစ်ပြီး ဝေဖန်မှုများစွာနဲ့ ရင်ဆိုင်ရပြီးနောက်မှာတော့ “ကျွန်တော်တို့ အရမ်းနောင်တရပြီး ဂျာဗားရိုးရာယဉ်ကျေးမှုမှာ စိတ်ပါဝင်စားသူတွေနဲ့ ခုလိုအဖြစ်အပျက်ကြောင့် စိတ်မသက်မသာဖြစ်ခဲ့ရတဲ့ အင်ဒိုနီးရှားနိုင်ငံသားအားလုံးကို တောင်းပန်ချင်ပါတယ်” လို့ ခွေးမလေး Luna ပိုင်ရှင် Indira Ratnasari က ပြောကြားခဲ့သည်။
လက်ထပ်ခဲ့တဲ့ ခွေးလေးနှစ်ကောင်ဟာ ခွေးထီးလေး Jojo နဲ့ ခွေးမလေး Luna တို့ဖြစ်ပြီး မင်္ဂလာပွဲအခမ်းအနားကို ဂျာဗားရိုးရာဓလေ့အတိုင်း ပြုလုပ်ခဲ့ပြီး သူတို့ကို ခွေးတွေအတွက် အထူးထုတ်လုပ်ထားတဲ့ ဂျာဗားရိုးရာအဝတ်အစားတွေကို ၀တ်ဆင်ပေးထားခဲ့တာပါ။
ခွေးအထီး Jojo ပိုင်ရှင် Valentina Chandra ကတော့ ဂျာဗားယဉ်ကျေးမှုကို မြှင့်တင်ဖို့ မင်္ဂလာပွဲကျင်းပခဲ့တာလို့ ပြောကြားခဲ့ပေမဲ့ လူအများကတော့ ဝေဖန်ခဲ့ကြပြီး အင်တာနက်အသုံးပြုသူတစ်ဦးက “သူတို့ရဲ့စည်းစိမ်ဥစ္စာတွေကို မလိုအပ်ဘဲ ဖြုန်းတီးနေမယ့်အစား လိုအပ်နေတဲ့သူတွေကို ကူညီပေးသင့်တယ်” လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ကမ္ဘာ့စတုတ္ထလူဦးရေအများဆုံးရှိတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ လူဦးရေ သန်း ၂၇၀ ရှိပြီး ဒီလူဦးရေရဲ့ ဆယ်ပုံတစ်ပုံနီးပါးဟာ ဆင်းရဲမွဲတေမှုမျဉ်းအောက်မှာ နေထိုင်နေရဆဲဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က မနှစ်က ပြောကြားခဲ့ပါတယ်။
Ref; SCMP