October 18, 2024

၂၂. ၇. ၂၀၂၃
Written by Min Mahar

မန္တလေးမြို့ရှိ အမှတ်(၂) စစ်ကြောရေးနှင့်တည်းခိုရေးစခန်း ဗုံးဖြင့် ပစ်ပေါက်ခံရကာ ပေါက်ကွဲမှုဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း သေနတ်ဖြင့် ပြန်လည်ပစ်ခတ်မှု ယနေ့မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း မြို့ခံများပြောပြချက်အရ သိရသည်။

ဖြစ်စဉ်မှာ ယနေ့(ဇူလိုင်လ ၂၂ ရက်နေ့)မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ဟေမာဇလရပ်ကွက်၊ ၂၈ လမ်း၊ ၇၇ လမ်းမှင့် ၇၈ လမ်းကြားရှိ အမှတ်(၂)စစ်ကြောရေးနှင့် တည်းခိုရေးစခန်းဝင်း၏ မြောက်ဘက်အုတ်နံရံဘေးအား အမည်မသိ အမျိုးသား ၂ ဦးသည် ရုပ်ဆိုးအပြာရောင် 125 အမျိုးစားဆိုင်ကယ်ဖြင့် ၇၈ လမ်းမှ ၂၈ လမ်းသို့ ချိုးကွေ့၍ ၂၈ လမ်းအတိုင်း အနောက်မှ အရှေ့သို့ မောင်းနှင်လာပြီး ဆိုင်ကယ်၏နောက်ကနေလိုက်ပါလာသူမှ ဗုံးတစ်လုံးပစ်ပေါက်ခဲ့ရာ စစ်ကြောရေးစခန်း၏မြောက်ဘက် အုတ်နံရံဘေးအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပစ်ပေါက်သူများသည် ၂၈ လမ်းအတိုင်းအရှေ့သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

” အသံကအကျယ်ကြီးပဲ အုံးဆိုပြီးပေါက်ကွဲသံကြားလိုက်ရတာ။ လူ ၂ ယောက်က ဘူတာကြီးရဲ့ အရှေ့မြောက်ဒေါင့်မှာရှိတဲ့ စစ်ကြောရေးစခန်းကို ဗုံးနဲ့ပစ်သွားလို့ပေါက်ကွဲတာတဲ့။ လူနဲ့အဆောက်အဦထိတယ်လို့တော့မကြားမိဘူး။ အုတ်နံရံနားကိုပစ်သွားတာလို့လည်းကြားသေးတယ်။ အစောင့်စစ်သားတွေ ပြန်ပစ်တဲ့သေနတ်သံ ၁၀ ချက်လောက်လည်း ကြားသေးတယ်။ စစ်သားနဲ့ရဲတွေလည်း ခဏနေတော့ အများကြီးရောက်လာတော့တာပဲ။ လမ်းတွေလည်းပိတ်ပြီးတော့ သွားလာသူတွေကို စစ်ဆေးနေတာတွေ့တယ်”ဟု ပေါက်ကွဲမှုအနီးနေထိုင်သူတစ်ဦးက ဆိုသည်။

အဆိုပါဗုံးဖြင့် လာရောက်ပစ်ပေါက်သူများကိုလည်း တာဝန်ကျနေသော လုံခြုံရေးတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ၁၀ ချက်ခန့်ပြန်လည်ပစ်ခတ်ခဲ့ပြီး ဗုံးပေါက်ကွဲမှုကြောင့် အဆောက်အဦနှင့် လူထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။

ယင်းပေါက်ကွဲမှုဖြစ်ပွားရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များလည်း ရောက်ရှိလာကာ လမ်းများပိတ်ဆို့ပြီး စစ်ဆေးမှုများလည်းပြုလုပ်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *