October 18, 2024

ရေထွက်စမ်းထဲ ကားအရှိန်လွန် ထိုးကျမှုကို တွေ့ရစဉ်

၂၂. ၇. ၂၀၂၃
Written by Hey Mar

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့မှာ ဒီနေ့ ဇူလိုင် ၂၂ ရက် မနက်ပိုင်းက ရေနှုတ်တူးမြောင်းထဲ အမျိုးသားတစ်ဦးခေါင်းစိုက်ပြုတ်ကျသေဆုံးတဲ့ ဖြစ်စဥ်နဲ့ ကွေ့ကြောမှာ အရှိန်လွန်ကွေ့မိရာက လမ်းဘေးရေထွက်စမ်းထဲ ကားတစ်စီးအရှိန်လွန်ပြုတ်ကျကာ ဒဏ်ရာရတဲ့ ဖြစ်စဥ်နှစ်ခု ဖြစ်ပွားခဲ့တဲ့အတွက် ပြင်ဦးလွင်အခြေစိုက် သန္တိသုခ လူမှုကူညီရေးအသင်းက မြေပြင်သွားရောက်ကူညီမှုလုပ်ငန်းစဥ် လုပ်ဆောင် ကူညီခဲ့တယ်လို့ အသင်းတာဝန်ရှိသူက MT News ကို ပြောပါတယ်။

ဖြစ်စဥ် နှစ်စလုံးက မန္တလေး လားရှိုးလမ်းမပေါ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ မန္တလေး-လားရှိုးလမ်းဘေး ၊ ရပ်ကွက်ကြီး ၁၁ ၊ ရေငယ်ရွာနားက လမ်းကူးမြောင်းငယ်တံတားအောက်မှာ ရေနှုတ်တူးမြောင်းထဲ ခေါင်းစိုက်ပြုတ်ကျသေဆုံးသူက အသက် ၃၀ အရွယ်ဖြစ်ကာ ဒီနေ့ မနက် ၈ နာရီဝန်းကျင်မှာ လမ်းသွားလမ်းလာ ဆိုင်ကယ်အချို့ကတွေ့ရှိပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပရဟိတအသင်းကို အကြောင်းကြားခဲ့ကြတာပါ ။

တွေ့ရှိရတဲ့ ရုပ်အလောင်းကို စစ်ဆေးချက်အရ အရက်သေစာ သောက်စားပြီး ရေနှုတ်တူးမြောင်းအတွင်း ချော်လဲ ပြုတ်ကျသေဆုံးခဲ့တာဖြစ်ကြောင်း သက်ဆိုင်ရာက မှတ်ချက်ပြုခဲ့ပြီး သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းက ပြင်ဦးလွင် ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ကူညီခဲ့တယ်လို့ သိရပါတယ် ။

အဆိုပါဖြစ်စဥ်ဖြစ်ပြီး မရှေးမနှောင်းမှာဘဲ ပြင်ဦးလွင်မြို့၊ အမှတ်(၁)နယ်မြေ၊ မန္တလေး – လားရှိုးလမ်း၊ မြိုင်ကြီးကြက်ခြံကွေ့မှာ ခရီးသည်တင် မော်တော်ယာဉ်(၁)စီး ကွေ့ကြောကို အရှိန်တင်ကွေ့ရာက တိမ်းမှောက်ပြီး ရေထွက်ပေါက်မြောင်းငယ်အတွင်း ပြုတ်ကျခဲ့တာကြောင့် ယာဉ်ပေါ်ပါ(၃)ဦး မစိုးရိမ်ရဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေကို သန္တိသုခအခမဲ့လူမှုကူညီရေးအသင်းက မြေပြင် ပြုစုကုသမှုတွေပြုလုပ်ပေးကာ ဝက်ဝံတိုက်နယ်ဆေးရုံဆီ ပို့ဆောင်ပေးခဲ့ပြီး ရေထွက်စမ်းအတွင်း ပြုတ်ကျခဲ့တဲ့ ကားကိုတော့ ပြင်ဦးလွင်မြို့နယ် လူမှုရှာဖွေကူညီကယ်ဆယ်ရေးအသင်းတွေက ဆယ်ယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် မနေ့က ဇူလိုင်လ ၂၁ ရက်နေ့ ညနေပိုင်းကလည်း ပြင်ဦးလွင်မြို့၊ လားရှိုး-မန္တလေး(အဆင်း)လမ်း၊ အောင်ချမ်းသာရွာ၊ လုံမကွမ်းယာဆိုင်ရှေ့မှာ ရပ်ထားတဲ့ ကားရဲ့ နောက်ပိုင်းကို ဆိုင်ကယ်က အရှိန်လွန်တိုက်မိရာကနေ ဆိုင်ကယ်စီး ဦးထုပ်မဆောင်းထားတဲ့ စီးနင်းသူတစ်ဦး အခင်းဖြစ်ရာနေရာမှာတင် သေဆုံးသွားခဲ့ပါသေးတယ်။

ရပ်ထားတဲ့ ကားနောက်ပိုင်းကို အရှိန်လွန် ဝင်တိုက်တဲ့ ဆိုင်ကယ်ကို တွေ့ရစဉ်

Leave a Reply

Your email address will not be published. Required fields are marked *