October 18, 2024

၂၂. ၇. ၂၀၂၃
Written By Thandar

မြန်မာ့ဓလေ့ ထုံးတမ်းအစဉ်အလာကို ဖိတ်ခေါ်တဲ့အနေနဲ့ ဇာတ်ပွဲတွေ၊ ဆပ်ကပ်တွေ ဖျော်ဖြေရေးအပါအဝင် စျေးဆိုင်ခန်းတွေပါဝင်မဲ့ “ပွဲခင်း” အစီအစဥ်ကို ၂ ရက်တိုင်တိုင်ကျင်းပသွားမယ်ဆိုတဲ့အကြောင်း စာနယ်ဇင်းမိတ်ဆက်ပွဲကို ဇူလိုင် ၂၂ ရက် နံနက် ၁၀ နာရီခန့်က ရန်ကုန်မြို့ ရွှေထွဋ်တင်ကွင်းမှာ ကျင်းပခဲ့ပါတယ်။

ဒီ ပွဲခင်းကို ဩဂုတ်လ ၄ ရက်နဲ့ ဩဂုတ် ၅ ရက် ည ၇ နာရီကနေ ၁၀ နာရီအထိ ရန်ကုန်မြို့ ရွှေထွဋ်တင်ကွင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။

“ဇာတ်ပွဲခင်း တစ်ခုထဲ မဟုတ်တဲ့ အတွက် ကျွန်တော်တို့ ဇာတ်မင်းသားများရော နာမည်ကြီးပုဂ္ဂိုလ်တွေ အားလုံးပါပါမယ်။ ကိုယ်က အရင်က နိုင်ငံအတွင်း လှည့်ပတ်ပြီး ဇာတ်ပွဲတွေ ကချင်ပေမယ့် ကိုယ့်နိုင်ငံအခြေအနေနဲ့ မ ကပြဖြစ်တာ ၃ နှစ်ကျော်ရှိပါပြီ။ ဒီအချိန်မျိုးမှာ ဇာတ်သဘင်အနေနဲ့ ရိုက်ကူးရေးဘက်ကို လှည့်ကြပါတယ်။ ဇာတ်သဘင် နိမ့်ကျသွားလို့ ဒီပွဲကမြှင့်တင်ရေး တစ်ခုလို့လည်း ပြောလို့ရပါတယ်။ ပွဲခင်းဆိုတဲ့အတိုင်း နာမည်ကြီး အနုပညာရှင်တွေလည်း ပါပါတယ်။ ဇာတ်တစ်ခုထဲ မဟုတ်ပါဘူး။ ခုလိုပါဝင်ခွင့်ရလို့လည်း ဝမ်းသာတယ်။ အိမ်မှာ မိသားစုမောင်နှမနဲ့ ကြင်ယာဖော်ရှိသလို အပြင်ခရီးထွက်ချိန်မှာ ပရိသတ်ကလည်း ကျွန်တော်တို့ရဲ့ ခရီးဖော်ပါ။ ခရီးဖော်များများရအောင် လာရောက်ကြည့်ရှုကြပါဦး” လို့ ဇာတ်မင်းသား တင်မောင်ဆန်းမင်းဝင်းက ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-07-22_14-08-22-6-1024x579.jpg

အဆိုပါ ဖျော်ဖြေပွဲမှာ ဇာတ်မင်းသား တင်မောင်ဆန်းမင်းဝင်း၊ စိန်မဟာသဘင်က မင်းသား ဈာန်ဟိန်း ၊ မပတ္တမြားကေခိုင်၊ နန်းတော်ရှေ့ ဆရာတင်ဇာတ်သဘင်က သဘင်မင်းသားကြီး ဦးနန်းဝင်း ၊ ကျော်ကျော်ဗို၊ ဝေဠုကျော်၊ မာမီသက် ၊ ပဥ္စလတ်ကိုခိုင် ၊ ဇာတ်မင်းသမီး နန်းခင်မွှေး၊ ဇာတ်မင်းသမီး ရေကြည်ချမ်းမြ ၊ အဆိုတော် ထက်အဥ္ဇလီ ၊ ဆောင်းအိန္ဒြေထွန်း ၊ LGBT တွေ ဖြစ်တဲ့ ဥပမာ – မိုးကြိုးငှက်ငယ်တို့အဖွဲ့ ၊ ဆပ်ကပ်၊ မျက်လှည့် စတဲ့ သူတွေက ဖျော်ဖြေတင်ဆက်ကြမှာဖြစ်ပြီး ဆိုင်ခန်းပေါင်း ၆၀ နီးပါးက လာရောက်ရောင်းချကြမှာလည်း ဖြစ်ပါတယ်။

“မြန်မာ့ ဇာတ်သဘင် အနှစ်သာရ စစ်စစ်ဖြစ်တဲ့ ဖျာနဲ့ပွဲကြည့်မယ်။ ရုံဝင်လက်မှတ်ဝယ်မယ်။ ပွဲစျေးတန်းထဲမှာမုန့်တွေစားမယ်ဆိုတဲ့ အနှစ်သာရက ခုချိန်ထိကောင်းကောင်း အသက်ဝင်ခြင်းမရှိသေးဘူး။ ကိုဗစ် ကာလ နောက်ပိုင်း အဲလိုပွဲတွေပျောက်သွားခဲ့တယ်။ ဇာတ်သဘင်ပွဲခင်းထဲကို လူကိုယ်တိုင်လာကြည့်တဲ့ အရသာက ပျောက်သွားတော့မှာလား စိုးရိမ်လာတယ်။ ပွဲခင်းထဲ လူကိုယ်တိုင်လာကြည့်ပါ့မလားလည်း စိုးရိမ်တယ်။ ဒီဖျော်ဖြေပွဲကို Live လုံးဝထုတ်လွှင့်မပေးပါဘူး။ဇာတ်ပွဲမကြည့်ရင်တော့ ပွဲ‌စျေးတန်းမုန့်စားလို့ရတယ်။ ဆပ်ကပ်၊ မျက်လှည့် အာဇာနည်စန်းစန်း အဖွဲ့တွေ၊ အန်တီစောတို့ကခဲ့တဲ့ မိုးကြိုးငှက်ငယ်လေးများ အဖွဲ့တို့လည်းစတဲ့ ကဏ္ဍတွေလည်း မြန်မာ့ပွဲခင်းနဲ့ သက်ဆိုင်တာတွေကို ထည့်သွင်း ကပြဖျော်ဖြေတင်ဆက်ကြမှာပါ” လို့ ပွဲစီစဉ်သူ မပတ္တမြားကေခိုင်က ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-07-22_14-08-22-4-1024x579.jpg

ပွဲခင်းအတွက် လက်မှတ်ဈေးနှုန်းကို ကျပ် ၁၅၀၀၀ နဲ့ ကျပ် ၁၀၀၀၀ အပြင် လက်ဖက်ပွဲ ၊ ရေနွေးကြမ်း ၊ နေကြာစေ့ ၊ မြန်မာ့မုန့်တို့ ပါဝင်တဲ့ ၄ ပေ ပတ်လည် စပယ်ရှယ်ဖျာအနေနဲ့ ကျပ် ၅၀၀၀၀ နှုန်း သတ်မှတ်ထားပြီး ပွဲလက်မှတ်တွေကို ပွဲခင်း Facebook Page ၊ 09 665151400 ကနေ ဆက်သွယ်နိုင်တယ်လို့ သိရပါ တယ်။ လူဦးရေ ၃၀၀ ကျော် ၅၀၀ နီးပါး ကြည့်ရှု့နိုင်မယ့် ပွဲခင်း ဖျော်ဖြေပွဲကို ဩဂုတ်လက စတင်ပြီး ၄ ပတ်ပြည့်အောင် ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လာမကြည့်နိုင်တဲ့ ပရိသတ်တွေအတွက် မကြာခင် ကာလတစ်ခုမှာတော့ Myanmar Art , Channel K , Sky Net Channel လိုင်းတွေက ပြန်လည်ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *