October 18, 2024

အိန္ဒိယနိုင်ငံတွင် နေရောင်ခြည်စွမ်းအင်သုံး ဓါတ်အားထုတ်လုပ်မှုစခန်းတစ်ခုကို တွေ့ရစဉ်

၂၁. ၇. ၂၀၂၃
Translated by Htwe Ko Tun

အိန္ဒိယနိုင်ငံက ယခုအခါတွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကိုဖြတ်၍ ၎င်းနိုင်ငံမှ လျှပ်စစ်စွမ်းအားကို အာဆီယံနိုင်ငံများသို့ရောင်းချမှုပြုနိုင်ရန် စဉ်းစားလျက်ရှိကြောင်း အချို့သော သတင်းအရင်းအမြစ်များအရ သိရသည်။

အိန္ဒိယအစိုးရအနေဖြင့် ၎င်း၏တိုးတက်လျက်ရှိသော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်မှုကို ဒေသအတွင်း သံတမန်ရေးရာထိတွေ့ဆက်ဆံမှု တိုးမြင့်လာစေရန်အတွက် အသုံးပြုနိုင်ရန်ရည်ရွယ်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။

ထို့အတွက် လျှပ်စစ်ဓာတ်အားလိုင်းကွန်ရက် ချိတ်ဆက်မှုများက အနည်းဆုံး လေးနှစ်ခန့်ဆောင်ရွက်ရလိမ့်မည်ဟု တာဝန်ရှိသူတစ်ဦးကပြောခဲ့ပြီး ယူနိုက်တတ်အာရပ်စော်ဘွားများနိုင်ငံကဲ့သို့ အရှေ့အလယ်ပိုင်းဒေသနိုင်ငံများသို့ လျှပ်စစ်ဓာတ်အားရောင်းချမှုများစတင်ရန် အိန္ဒိယနိုင်ငံ၏အားထုတ်မှုစတင်အပြီးတွင် ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်းဆိုသည်။

သို့ရာတွင် အိန္ဒိယနိုင်ငံစွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူလေးဦးအပါအဝင် သတင်းအရင်းအမြစ်အချို့ကမူ လူသိရှင်ကြားတစ်ကြိမ်မျှထုတ်ဖော်ပြော‌ကြားဖူးခြင်းမရှိသေးသော အဆိုပါစီမံချက်နှင့် ပတ်သက်၍ အတိအကျ ရှင်းလင်းပြောကြားရန် ငြင်းဆိုခဲ့ကြသည်။ အိန္ဒိယနိုင်ငံ ပြည်ထောင်စုအစိုးရ၏ စွမ်းအင်ဝန်ကြီးဌာနကလည်း တစ်စုံတစ်ရာတုံ့ပြန်ပြောကြားမှုမပြုလုပ်ခဲ့သေးကြောင်း သိရသည်။

ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ၏အစိုးရအနေဖြင့် တရုတ်နိုင်ငံ၏ဒေသအတွင်း ဩဇာလွှမ်းမိုးမှုမြင့်တက်လာခြင်းကိုပြန်လည်တုံ့ပြန်နိုင်ရန် ၎င်း၏အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ အနီးကပ် ဆက်သွယ်မှုများကိုမြှင့်တင်ဆောင်ရွက်လျက်ရှိသည်။ အိန္ဒိယအစိုးရစွမ်းအင်တာဝန်ရှိသူများက ယခုအခါ အချို့သောနိုင်ငံများနှင့် ဒေသဆိုင်ရာ လျှပ်စစ်ဓာတ်အားလိုင်းကွန်ရက်ချိတ်ဆက်မှုများအတွက် အစည်းအဝေးများကို ဂိုအာပြည်နယ်အတွင်း ပြုလုပ်လျက်လည်းရှိသည်။ အိန္ဒိယအစိုးရ၏အဆိုပါ စီမံ ချက်အတွက် ရင်းနှီးမြှုပ်နှံမှုဆုံးဖြတ်ချက်များတွင် ဘဏ်လုပ်ငန်းရှင်များနှင့် နယ်မြေဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သူများ၏ ထောက်ခံမှုရရှိနိုင်ရန် အဓိကအရေးကြီးကြောင်းလည်း အိန္ဒိယစွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။

အိန္ဒိယအစိုးရက ထိုသို့ဓာတ်အားလိုင်းကွန်ရက်ချိတ်ဆက်မှုများ ပြုလုပ်ရာတွင် ဈေးနှုန်းကြီးမြင့်ရမှုအပါအဝင် အဓိကကျသော စိန်ခေါ်မှုများကိုဖြေရှင်းနိုင်ရန် မူပေါင်တစ်ရပ်ကိုပြင်ဆင်ရေးအတွက် ပြင်သစ်နိုင်ငံမှ လျှပ်စစ်စွမ်းအားပံ့ပိုးထောက်ပံ့ရေးကုမ္ပဏီ EDF နှင့် ထိတွေ့ဆက်သွယ်မှုပြုခဲ့ကြောင်းလည်း သိရသည်။

အိန္ဒိယစွမ်းအင်ဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးက “အိန္ဒိယနိုင်ငံရဲ့ အမျိုးသားလျှပ်စစ်ဓာတ်အားလိုင်းကွန်ရက်က မြန်မာနိုင်ငံအထိ ချိတ်ဆက်နိုင်မှာပါ။ အဲဒီကတစ်ဆင့် ထိုင်းနိုင်ငံအထိထပ်မံတိုးချဲ့ပြီး အရှေ့ အာရှကိုတောင်ရောက်နိုင်ဖွယ်ရှိတယ်” ဟု ပြောခဲ့သည်။

ထိုကဲ့သို့သော စီမံကိန်းများက နယ်စပ်ဖြတ်ကျော်ချိတ်ဆက်မှုများက ရင်းနှီး‌မြှုပ်နှံမှုများလိုအပ်ကာ ဥရောပမှအရှေ့တောင်အာရှအထိ ဒေသများအတွင်း အစိုးရများ၏အကျိုးကျေးဇူးများကိုလည်း ရရှိနိုင်သော်လည်း၊ ရေအောက်ကေဘယ်လ်ကြိုးများတည်ဆောက်ရာတွင် ကုန်ကျစရိတ်ကြီးမြင့်မှု၊ ဓာတ်အားလိုင်းကွန်ရက်များကို အဆင့်မြှင့်တင်ရန်လိုအပ်သောကုန်ကြမ်းပစ္စည်းများဈေးနှုန်းမြင့်တက်လာမှုနှင့် ပထဝီနိုင်ငံရေးတင်းမာမှုများက ထိုကဲ့သို့စီမံကိန်းများ၏အောင်မြင်နိုင်မှုအလားအလာအပေါ်တွင်လည်း မေးခွန်းထုတ်ဖွယ်ဖြစ်ရသည်ဟု ဆိုကြသည်။

အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)၏အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဒေသအတွင်း လျှပ်စစ်ဓာတ်အားကွန်ရက်တစ်ခုကို ဖန်တီးနိုင်ရန် ကြိုးစားခဲ့ကြသည်မှာလည်း ဆယ်စုနှစ်များစွာချီ၍ရှိခဲ့ပြီဖြစ်သည်။ ထိုကဲ့သိုသော ဓာတ်အားလိုင်းကွန်ရက်အဖွဲ့ဝင်နိုင်ငံများပါဝင်သော လျှပ်စစ်ဓာတ်အားကုန်သွယ်ရောင်းချမှုက လွယ်ကူချောမွေ့စေမည်လည်းဖြစ်သည်။ သို့သော် နိုင်ငံများအကြား အကျိုးတူ သဘောတူညီချက်များကြောင့် စီမံကိန်းတိုးတက်မှုမှာ အကန့်အသတ်ဖြင့်သာရှိနေသည်။

အိန္ဒိယနိုင်ငံက ၎င်း၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ကြီးမားသော ရေအားလျှပ်စစ်စီမံကိန်းတို့မှ ထုတ်ယူရရှိနိုင်မည့် လျှပ်စစ်ဓာတ်အားကို လက်ရှိတွင် ၁၇၇ ဂစ်ဂါဝပ်သာရှိရာမှ ၂၀၃၀ ပြည့်နှစ်တွင် ၅၀၀ ဂစ်ဂါဝပ်အထိရှိလာမည်ဟု ရည်မှန်းထားသည်။ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာစခန်းများလည်း များစွာ ရှိလာမည်ဟုမျှော်လင့်ထားသည်။ ၎င်းက လက်ရှိတွင်ရုပ်ကြွင်းလောင်စာအပေါ်မှီခိုနေရမှုအား များစွာလျော့ကျ‌စေမည့်အပြင် ဒေသတွင်း ဓာတ်အားလိုင်းချိတ်ဆက် ရောင်းဝယ်မှုကိုလည်း ကုန်းလမ်းမှလည်းကောင်း၊ ပင်လယ်ရေအောက်မှလည်းကောင်း ပြုလုပ်သွားနိုင်ရန် အိန္ဒိယအစိုးရက မျှော်လင့်ထားခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *