၂၂. ၇. ၂၀၂၃
Written by Peya
ထိုင်းနိုင်ငံတွင် ကျင်းပမည့် Continental Futsal Championship 2023 ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းက အိမ်ရှင်အသင်းနှင့်အတူ အုပ်စု (A) တွင် ကျရောက်နေကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံက သတင်းရရှိသည်။
ထိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် Continental Futsal Championship 2023 ပြိုင်ပွဲ မဲခွဲပွဲကို ထိုင်းနိုင်ငံဘန်ကောက်မြို့၌ ဇူလိုင် ၂၁ ရက်က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
Continental Futsal Championship 2023 ပြိုင်ပွဲ၏ အုပ်စု မဲခွဲပွဲတွင် မြန်မာအသင်းသည် မဲအိုးနံပါတ် (၃)တွင် ကျရောက်ခဲ့ပြီး မဲခွဲရာတွင် အုပ်စု (A) သို့ ရောက်ရှိခဲ့ခြင်းကြောင့် အိမ်ရှင် ထိုင်းအသင်း၊ ဆော်လမွန်ကျွန်းစုအသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အုပ်စု (B)တွင် ချက်၊ မိုဇမ်ဘစ်၊ အာဖဂန်နစ္စတန် အသင်းတို့ ယှဉ်ပြိုင်ရမည် ဖြစ်သည်။
Continental Futsal Championship 2023 ပြိုင်ပွဲ၏ အုပ်စု အဆင့်ပွဲစဉ်များကို ဩဂုတ် ၇ ရက်မှ ၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ဩဂုတ် ၇ ရက် မြန်မာစံတော်ချိန် ည ၇ နာရီတွင် ထိုင်း အသင်းနှင့်လည်းကောင်း၊ ဩဂုတ် (၈) ရက် မြန်မာစံတော်ချိန် ၇ နာရီတွင် ဆော်လမွန်ကျွန်းစု အသင်းနှင့်လည်းကောင်းယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရကာ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဩဂုတ် ၁၁ ရက်တွင်လည်းကောင်း၊ တတိယနေရာလုပွဲနှင့်ဗိုလ်လုပွဲစဉ်များကို ဩဂုတ် ၁၃ ရက်တွင်လည်းကောင်း ကျင်းပသွားမည် ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် လက်ရှိအချိန်တွင် အုပ်ချုပ်နည်းပြ (၉)ဦး၊ ကစားသမား (၂၄)ဦးဖြင့် စခန်းသွင်းလေ့ကျင့်လျက်ရှိသည်။