၂၂. ၇. ၂၀၂၃
Written by Nay Aung
အရွယ်ရောက်ပြီးသော မြန်မာအမျိုးသမီးများ၏ စာတတ်မြောက်မှုနှုန်းသည် အာဆီယံဒေသတွင်းနိုင်ငံများထဲတွင် အနည်းဆုံးဖြစ်နေကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB)က ဖော်ပြသည်။
ADB သည် ကျားမတန်းတူ ဖြစ်မှုအခြေနေများကို ဖော်ပြခဲ့ရာ အာရှပစိဖိတ်ဒေသနိုင်ငံများ၏ ပညာရေးကဏ္ဍတွင် အမျိုးသမီးများပါဝင်မှု တန်းတူညီမျှဖြစ်သော်လည်း ကွာဟချက်များရှိနေဆဲဟု ဖော်ပြသည်။ အာဆီယံနိုင်ငံများအနက် ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၂ ခုနှစ်အတွင်း အရွယ်ရောက်ပြီးသောအမျိုးသမီးများ စာတတ်မြောက်မှုနှုန်းအမြင့်ဆုံး နိုင်ငံအဖြစ် ရပ်တည်နေသည်။ ဖိလစ်ပိုင်နိုင်ငံတွင် အရွယ်ရောက်ပြီးသော အမျိုးသမီးများ၏ စာတတ်မြောက်မှုနှုန်းသည် ၉၈ ဒသမ ၂ ရာခိုင်နှုန်းရှိနေကြောင်း ADB က ဖော်ပြထားသည်။
၂၀၂၂ ခုနှစ်အတွင်း အာဆီယံနိုင်ငံများအနက် အသက် ၁၅ နှစ်အထက် အရွယ်ရောက်ပြီးသောအမျိုးသမီးများ စာတတ်မြောက်မှုနှုန်းတွင် ဖိလစ်ပိုင်က ၉၈ ဒသမ ၂ ရာခိုင်နှုန်း၊ ဘရူနိုင်းက ၉၆ ဒသမ ၃ ရာခိုင်နှုန်း၊ စင်ကာပူက ၉၅ ဒသမ ၉ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားက ၉၄ ရာခိုင်နှုန်း၊ ဗီယက်နမ်က ၉၃ ဒသမ ၆ ရာခိုင်နှုန်း၊ မလေးရှားက ၉၃ ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိနေသည်။
မြန်မာနိုင်ငံ၏အိမ်နီးချင်း ထိုင်းနိုင်ငံတွင် အရွယ်ရောက်ပြီးသောအမျိုးသမီးများ၏ စာတတ်မြောက်မှုနှုန်းက ၉၂ ဒသမ ၄ ရာခိုင်နှုန်းရှိနေပြီး မြန်မာနိုင်ငံ၏ အရွယ်ရောက်ပြီးသော အမျိုးသမီးများ၏ စာတတ်မြောက်မှုနှုန်းက ၇၁ ဒသမ ၈ ရာခိုင်နှုန်းသာရှိနေကြောင်း သိရသည်။ လာအိုနိုင်ငံ၏အရွယ်ရောက်ပြီးသောအမျိုးသမီးများစာတတ်မြောက်မှုနှုန်းနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ အမျိုးသမီးများ စာတတ်မြောက်မှုနှုန်းက မြန်မာနိုင်ငံထက်များလျက်ရှိနေပြီး လာအိုနိုင်ငံ၏အရွယ်ရောက်ပြီးသောအမျိုးသမီးများ စာတတ်မြောက်မှုနှုန်းက ၇၉ ဒသမ ၄ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားနိုင်ငံ၏ အရွယ်ရောက်ပြီးသောအမျိုးသမီးများ၏ စာတတ်မြောက်မှုနှုန်းက ၇၅ ရာခိုင်နှုန်းရှိနေသည်။
အာရှတိုက်အတွင်းရှိ နိုင်ငံများအနက် ၂၀၂၂ ခုနှစ်အတွင်း အရွယ်ရောက်ပြီးသော အမျိုးသမီးများ စာတတ်မြောက်မှုနှုန်းအနည်းဆုံးနိုင်ငံများထဲတွင် အာဖဂန်နစ္စတန်၊ ဘူတန်၊ ပါကစ္စတန်နိုင်ငံတို့ ရပ်တည်နေကြောင်း ADB ၏ ဖော်ပြချက်များအရ သိရသည်။
Ref- ADB