၂၂. ၇. ၂၀၂၃
Written by Nay Moe
သတ်မှတ်ချိန်ကျော်လွန်ဖွင့်လှစ်သည့် Transporter Club ကို ယမန်နေ့ည ဇူလိုင် ၂၂ ရက် နံနက်အစောပိုင်းတွင် ဝင်ရောက် စီးနင်းဖမ်းဆီးလိုက်ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာလမ်းရှိ Transporter Club ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် လူခြုံရေးပူးပေါင်းအဖွဲ့က ဇူလိုင်လ ၂၂ ရက် နံနက် ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကလပ်အတွင်း သတ်မှတ်ချိန် ကျော်လွန်သောက်စားကခုန်နေသောအမျိုးသား ၁၀၂ ဦး၊ အမျိုးသမီး ၇၉ ဦးကိုတွေ့ရှိခဲ့သဖြင့် ကလပ်မန်နေဂျာအား ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့် တရားစွဲဆိုပြီး ကလပ်ကို ယာယီပိတ်သိမ်းခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။
“ညက အကုန်လုံး ကခုန်နေတဲ့အချိန်မှာ လက်မြှောက်၊ ခေါင်းတွေမဖော်နဲ့၊ အကုန်အပေါ်ကနေ ဆင်း ဆိုပြီး ဝင်စီးတာ။ လာကနေတဲ့သူတွေကိုတော့ ဘာမှမလုပ်ပါဘူး။ ထိုင်ခိုင်းထားတာ။ မနက်မလင်းခင် အကုန်ပြန်လွှတ်လိုက်တာပါ” ဟု Transporter ကလပ်တွင် ဖမ်းဆီးခံရချိန် ပါဝင်သူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် လဆန်းပိုင်းက ဘားနှင့် စားသောက်ဆိုင်များတွင် Unplugged များ ထည့်သွင်းဖျော်ဖြေမှုပိတ်သိမ်းရန်နှင့် Night Club များ ယာယီပိတ်သိမ်းရန် ညွှန်ကြားခဲ့ပြီးနောက် ဘားနှင့်စားသောက်ဆိုင်များ စည်းကမ်းနှင့်အညီဖွင့်လှစ်ခွင့်ပြုခဲ့ကာ အချိန်ကျော်လွန်ဖွင့်လှစ်သည့် Night Club များကိုမူ စစ်ဆေးအရေးယူနေခြင်းဖြစ်သည်။