MT News ◾ ကျေးဇူးပါ ခင်ဗျာ။
“တချို့ကလည်း ဂေါပကတွေကို နားလည်မှု မရှိဘူးတို့ ဘာတို့ပေါ့။ ကျွန်တော်တို့ အခုနောက်ပိုင်း ဂေါပကတွေကလည်း မြို့ချစ်တဲ့ ဒေသခံတွေပေါ့။ ရှေးဟောင်းအမွေအနှစ်တန်ဖိုးကို နားလည်တဲ့သူတွေလည်း ပါပါတယ်”
၂၁.၇.၂၀၂၃
မေးမြန်း – ပီယ
လူမှုကွန်ရက်ပေါ် ဝေဖန်မှုများရှိနေသည့် အာနန္ဒာဘုရားမှ ရပ်တော်မူ ရုပ်ပွားတော်လေးဆူ ရွှေသင်္ကန်း ကပ်လှူခြင်း နှင့် ပတ်သက်၍ MT News သတင်းဌာနက အာနန္ဒာဘုရား ဂေါပကအဖွဲ့ မှ ဒုတိယဥက္ကဋ္ဌ ဦးဇော်ဝင်းချိုကို ဆက်သွယ်မေးမြန်းခဲ့ရာ ရှင်းလင်းဖြေရှင်းခဲ့သည်များအား ကောက်နုတ်ဖော်ပြအပ်ပါသည်။
MT News ◾ အာနန္ဒာဘုရားက ရပ်တော်မူ ရုပ်ပွားတော်ကြီး ၄ ဆူကို ရွှေသင်္ကန်းကပ် ဘာကြောင့် ကပ်တာပါလဲ ခင်ဗျာ။
ဖြေ ◾ ဒီ ရုပ်ပွားတော်ကြီးတွေက နှစ်ပရိစ္ဆေဒ ကြာလာတော့ ရာသီဥတုဒဏ်၊ နောက်ပြီးတော့ ပိုးမွှား တိရစ္ဆာန်တွေ ဒဏ်ပေါ့နော်။ အဲ့ဒါတွေကြောင့် ရွှေသင်္ကန်းကပ်ထားတဲ့ သစ်တွေပေါ့နော်။ သရိုး ကြွတာတွေ နောက်ပြီးတော့ လင်းနို့၊ ခိုချေးတွေဘာတွေလည်း ရှိတာပေါ့။ ခေတ်အဆက်ဆက်ကလည်း ပြုပြင်ထိန်းသိမ်းလာရတာပဲ။ ကျွန်တော်တို့က ရွှေသင်္ကန်းကပ်တယ်ဆိုရင် ပထမက ရွှေသင်္ကန်းအရင် ကပ်မရဘူး။ သစ်စေးကိုင်ရတယ်။ သစ်စေးကလည်း တစ်ထပ်တည်း မဟုတ်ဘူး။ ပထမ တစ်ထပ် ကိုင်တယ်။ နောက် တစ်ပတ်လောက် ခြောက်အောင် ထားရတယ်။ သုံးထပ်လောက် အဲ့ဒီလို ကိုင်ရတာ။ ဒါကို ရှေးအစဉ်အဆက် လုပ်တာ ပြောပြတာပါ။ အဲ့ဒီလို လုပ်ပြီးတော့မှ အဲ့ဒီအပေါ် အနီရောင်ဟင်္သာပြဒါး သုတ်ရတယ်။ ပြီတော့မှ ရွှေသင်္ကန်းကပ်ရတာ။ အနီရောင်အပေါ် ရွှေသင်္ကန်းကပ်မှ ရွှေရောင်က တောက်တာ။ သစ်စေးက အနက်ရောင်ကို ရွှေသင်္ကန်းကပ်မယ်ဆို သိပ်ပြီး တောက်ပြောင်မှု မရှိဘူးပေါ့။ အဲ့ဒါကြောင့် အနီရောင်ကို ရွှေသင်္ကန်းကပ်တယ်ပေါ့။ ခုနက ပြောသလို သစ်စေးအလွှာပေါ့။ ဥပမာ မြောက်ဘက်ဆင်းတုတော်ဆိုရင် စကားသားနဲ့ ထုထားတာ။ တောင်ဘက်အဆူဆိုရင် ထင်းရှူးသားနဲ့ ထုထားတာပေါ့နော်။ အဲ့ဒီတော့ အဲ့ဒီထုထားတဲ့ နဂိုမူလ အသားတွေ အပေါ်မှာ ကျွန်တော်တို့က သစ်စေးကပ်ထားလိုက်တော့ ကာကွယ်ပြီးသား ဖြစ်သွားတာပေါ့။ နှစ် ပရိစ္ဆေဒ ကြာသွားတော့ ရွှေသင်္ကန်းတွေကလည်း ဘာပြောပြော အရောင်မှိန်မှာပဲလေ။ အဆိုးဆုံးက လင်းနို့သေးဗျ။ သူက အက်ဆစ်ပါတာကိုး။ ရွှေရောင်တွေကလည်း ဘာပြောပြော ကြာလာတော့ အရောင်တွေ မှိန်ကုန်တာပေါ့။ ဒီဘုရားတွေကလည်း အနောက်ဘက်နဲ့ အရှေ့ဘက်ကတော့ နှစ် ၁၀၀ ကျော်လောက် ရှိသေးတာပါ။ ကျွန်းသားတွေနဲ့လေ။ တောင်ဘက်နဲ့ မြောက်ဘက်ကတော့ အတွင်းသားတွေက အော်ရီဂျင်နယ်တွေပါ။ ရွှေဆိုတာကတော့ ခေတ်အဆက်ဆက် ဂေါပက အဆက်ဆက် သင်္ကန်း ရွှေရောင်လေးတွေ ပဲ့တာတွေ၊ အရောင်မှိန်တာလေးတွေကို လုံးတော်ပြည့် ချတာ မဟုတ်တောင် ပြုပြင်မှုကတော့ အမြဲတမ်း လုပ်နေရတာပါ။ အဲ့ဒီလို လုပ်မှလည်း နှစ်ပေါင်း ၉၀၀ ကျော်ပြီပေါ့နော်။ ၉၀၀ ကျော် ထိန်းသိမ်းတယ်ဆိုတာ အဲ့ဒီလိုနည်းနဲ့ ထိမ်းသိမ်းတယ်လို့ ယုံကြည်ပါတယ်။ မထိန်းသိမ်းဘဲ ထားလိုက်ရင်လည်း ရွှေရောင်တွေ ပျက်မယ်။ တိရစ္ဆာန်တွေကြောင့် ပျက်စီးတာတွေ ရှိမယ်ပေါ့ဗျာ။ ကျွန်တော်တို့က ဒါတွေက ငြမ်းဆင်ပြီး ကြည့်မှ။ ဘုရားတွေက အမြင့်ကြီးတွေလေ။ ဆိုတော့ အောက်ကနေ ကြည့်ရုံနဲ့ သိပ်မသိသာနိုင်ဘူးလေ။ တချို့ဆို သရိုးတွေ ဖောင်းကြွတာ ရှိတယ်။ ဒါကြောင့် ပြုပြင်ရတာပေါ့နော်။
MT News ◾ ရွှေသင်္ကန်း ကပ်ရင်းနဲ့ ပြုပြင်တာပါလား။
ဖြေ ◾ မကပ်ခင် အပြစ်တွေ ရှာရတာပေါ့နော်။ ဘယ်နေရာမှာတော့ ဘာဖြစ်တယ် ဆိုတာ အဲ့ဒါတွေ ရှာရမှာပေါ့။ သရိုးက ပေါက်နေလား။ အသားဆိုလည်း အသားတွေ ကြွနေသလားပေါ့။ ဒါတွေ ရှာပြီးတော့မှ အဲ့ဒါကို ပြင်ပြီး သစ်စေးသရိုး ကိုင်မှာပေါ့နော်။ ပြန်ပြီးတော့ ရွှေချမှာပါ။ နှစ်အဆက်ဆက်က ဒီလိုမျိုး နှစ်ပေါင်း ၉၀၀ ကျော် တစ်ထောင်ပေါ့ဗျာ။ ခိုင်အောင် ကျွန်တော်တို့ ဘိုးဘွားဘီဘင် အဆက်ဆက် ထိန်းသိမ်းလာခဲ့တယ်ပေါ့နော်။ ပြီးတော့ ဘုရားက လိုဏ်အတွင်းမှာ ဆိုတော့ လုံးတော်ပြည့် လုပ်ဖို့ဆိုတာကလည်း ဆယ်နှစ် ဆယ့်ငါးနှစ်နဲ့ လုပ်ဖို့ မလွယ်ဘူး။ ပြင်တာကတော့ ဒီလိုပဲ ပြင်နေကြတာပေါ့နော်။ အသေးစား ပြင်ဆင်မှုတွေပေါ့။ လုံးတော်ပြည့် ဆိုတာကတော့ ချခဲ့တယ်။ နှစ်ငါးဆယ်မှတစ်ခါ အဲ့ဒီလိုမျိုး ချတာ ဆိုတော့လေ။ အဲ့ဒီလို ဖြည့်စွက်ပြီး ပြုပြင်သွားမှ ကြာရှည်ခံမှာပါ။ ဒါကလည်း ထိန်းသိမ်းနည်း တစ်မျိုးပါပဲ။
MT News ◾ ဒါနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ ရှိနေတဲ့အပေါ် ဂေါပကအဖွဲ့ အနေနဲ့ ဘာများ ပြောချင်ပါသလဲ။
ဖြေ ◾ ကျွန်တော်တို့ ဂေါပကတွေဆိုတာလည်း သူတို့ ထင်သလိုပေါ့ဗျာ။ တချို့ကလည်း ဂေါပကတွေကို နားလည်မှု မရှိဘူးတို့ ဘာတို့ပေါ့။ ကျွန်တော်တို့ အခုနောက်ပိုင်း ဂေါပကတွေကလည်း မြို့ချစ်တဲ့ ဒေသခံတွေပေါ့။ ရှေးဟောင်းအမွေအနှစ်တန်ဖိုးကို နားလည်တဲ့သူတွေလည်း ပါပါတယ်။ ကျွန်တော်တို့ဆိုလည်း ဧည့်လမ်းညွှန် ဟိုတုန်းက လုပ်ခဲ့တယ်။ နှစ်ပေါင်း ၃၀ လောက် လုပ်ခဲ့တော့လည်း ကျွန်တော်တို့က အမွေအနှစ်ကို ချစ်မြတ်နိုးတဲ့ သူတွေပါ။ ကျွန်တော်တို့လည်း ကိုယ့်ဒေသ ကိုယ့်ဘုရားတွေကို ထိန်းသိမ်းတဲ့အနေနဲ့ ဂေါပက ဝင်လုပ်ကြတာပါနော်။ အဲ့ဒီလိုမျိုး အစဉ်အဆက် ကျွန်တော်တို့က ဂေါပက မလုပ်ဘူးဆိုရင် ကျွန်တော်တို့ ဘုရားတွေ အထူးသဖြင့် အာနန္ဒာတို့လို အရေးကြီးတဲ့ဘုရားတွေ ရွှေစည်းခုံတို့ ဘယ်လို ထိန်းသိမ်းလို့ ရမလဲ။ ရှေးအစဉ်အဆက်ကလည်း ဆရာတော်ကြီးတွေ မြို့မိမြို့ဖတွေ ထိန်းသိမ်းခဲ့လို့ ဒီဘုရားတွေ ဒီလောက်အထိ သက်တမ်း ရှည်တာပေါ့နော်။ အဲ့ဒီသဘောနဲ့ ကျွန်တော်တို့ ထိန်းသိမ်းတာပါ။ သူတို့ကတော့ သူတို့အမြင်နဲ့ ရေးတာပေါ့နော်။ ရေးမယ်ဆိုရင်လည်း အတွင်းကျကျ ကျွန်တော်တို့ဆီ ဂေါပကရုံး လာမေးတာတို့ နားလည်တဲ့ ရှေးဟောင်းတို့ ကိုယ်တိုင်လာမေးပြီး သိချင်တာမေးရင်တော့ ပိုကောင်းလိမ့်မယ်လို့ ယူဆပါတယ်။