၂၁. ၇. ၂၀၂၃
Written by Pan Ei
အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ မီယာမီမြို့မှာ ၃ နှစ်အရွယ်သားငယ်ကို သ-တ်ဖို့အတွက် လုပ်ကြံသူကို ငှားရမ်းဖို့ ကြိုးပမ်းခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် မိခင်တစ်ဦးကို ပြီးခဲ့တဲ့ အင်္ဂါနေ့ညက ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
Jazmin Paez လို့ အမည်ရတဲ့ အသက် ၁၈ နှစ်အရွယ် မိခင်တစ်ဦးဟာ လူသ-တ်မှုကျူးလွန်ဖို့ တောင်းဆိုမှုတွေကို ဟန့်တားဖို့ အတုပြုလုပ်ထားတဲ့ အငှားဝက်ဘ်ဆိုတ်တစ်ခုမှာ ပုံစံဖြည့်သွင်းပြီးနောက် အာဏာပိုင်တွေက သူမကို သတိပြုမိခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဝက်ဘ်ဆိုတ်ကို လည်ပတ်နေသူက Paez ဟာ သူမရဲ့ သားကို လုပ်ကြံပေးဖို့ တောင်းဆိုချက်ရခဲ့တယ်ဆိုတာကို ရဲတပ်ဖွဲ့ကို ဆက်သွယ်ခဲ့ပြီးတဲ့နောက်မှာ ရဲတွေက သူမကို ဖမ်းဆီးခဲ့တာပါ။
Paez ဟာ အဲ့ဒီအတုအယောင် ဝက်ဘ်ဆိုတ်မှာ နာမည်အတုကို အသုံးပြုကာ သူမရဲ့ကလေးကို အဝေးကို ခေါ်ဆောင်သွားဖို့နဲ့ ဖြစ်နိုင်ရင် သ-တ်ပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပြီး လုပ်ကြံမှုကို ဒီတစ်ပတ် ကြာသပတေး နောက်ဆုံးထားလုပ်ပေးဖို့ ပြောခဲ့တာပါ။ စုံထောက်တစ်ဦးက ဝက်ဘ်ဆိုတ်မှာ ပေးထားတဲ့ ဖုန်းနံပါတ်ကို အဆက်အသွယ်လုပ်ခဲ့ကာ ငှားရမ်းထားတဲ့ လုပ်ကြံသူအဖြစ် ဟန်ဆောင်ခဲ့ပြီး အလုပ်အတွက် ဒေါ်လာ ၃၀၀၀ ပေးဆောင်ဖို့ သူမနဲ့ သဘောတူခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ အာဏာပိုင်တွေဟာ ဝက်ဘ်ဆိုတ်အတုက ရရှိတဲ့ IP လိပ်စာနဲ့ ဖုန်းနံပါတ်ကို အသုံးပြုကာ Paez ကို ခြေရာခံခဲ့ရာမှာတော့ သူမရဲ့သားဖြစ်သူ ၃ နှစ်အရွယ် ကလေးနေနေတဲ့ ကလေးရဲ့ အဖွားအိမ်ကို ရှာတွေ့ခဲ့ပါတယ်။
ကလေးအဖွားဖြစ်သူ၊ Paez ရဲ့ အမေက Paez ဟာ ကလေးရှိနေတာကို သဘောမကျတဲ့ လက်ရှိချစ်သူဆီက လမ်းခွဲခံလိုက်ရလို့ ပြန်အဆင်ပြေဖို့ ကလေးကို လုပ်ကြံဖို့ ကြံရွယ်ခဲ့တာ ဖြစ်မယ်လို့ ပြောကြားခဲ့ပါတယ်။
အခုလက်ရှိမှာတော့ အသက် ၁၈ နှစ်အရွယ် အဲ့ဒီအမျိုးသမီးဟာ ဆက်သွယ်ရေးစက်ကို ဥပဒေမဲ့အသုံးပြုကာ လူသ-တ်ပေးဖို့ တောင်းဆိုမှုနဲ့ တရားစွဲဆိုခံထားရတယ်လို့ တရားရုံးမှတ်တမ်းတွေအရ သိရပါတယ်။
Ref; CNN