၂၁. ၇. ၂၀၂၃
Written by Peya
မဲပေးရန်အတွက် နိုင်ငံသားစိစစ်ရေးကတ် မရှိသူများက ပါတီကို လာပြောလျှင် ပါတီက သက်ဆိုင်ရာ မဲဆန္ဒနယ် အတွင်းမှ ကတ်မရှိသူများ၏ စာရင်းကို ပြုစုကာ လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက်နိုင်သည်ဟု ရွေးကောက်ပွဲကော်မရှင်က ပြောကြားထားကြောင်း ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) မှ ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ ဦးလှဌေးက MT News သတင်းဌာနသို့ ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ဇူလိုင်လ ၂၀ ရက်က မှတ်ပုံတင်ကျပြီးသည့် နိုင်ငံရေးပါတီ ၆ ပါတီနှင့် ရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌတို့ တွေ့ဆုံရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
“အဲ့ဒီမှာ UEC ဘက်က ဘာတစ်ခုပြောလာလဲဆိုရင် မှတ်ပုံတင်ကိစ္စပေါ့နော်။ နိုင်ငံသားကတ် ပန်းရောင်ရှိမှ မဲပေးလို့ရမယ်။ နိုင်ငံသားကတ်မရှိတဲ့သူတွေက ပါတီတွေကို လာပြောမယ်ဆိုရင် ပါတီက နေပြီးတော့ ကိုယ့် မဲဆန္ဒနယ်ထဲမှာရှိတဲ့ နိုင်ငံသားစိစစ်ရေး ကတ်မရသေးသူတွေရဲ့ စာရင်းဇယားကိုယူပြီး လဝကနဲ့ ဆက်သွယ်ပြီး နိုင်ငံသားကတ်ရအောင် ဆောင်ရွက်ပေးဖို့လုပ်ပါဆိုတဲ့ ဟာမျိုး ပြောသွားတယ်” ဟု ဦးလှဌေးက ဆိုသည်။
မဲဆန္ဒရှင်များ၏ ရနိုင်သည့် အခွင့်အရေးကို ရရှိရန်အတွက် လိုအပ်သော အချက်အလက်မှန်သမျှကို ပါတီများက စုစည်းကာ သက်ဆိုင်ရာ လဝကနှင့် ညှိနှိုင်း ဆောင်ရွက်နိုင်သည်ဟု ပြောကြောင်းလည်း ၎င်းက ဆိုသည်။
“ဌာနဆိုင်ရာကျတော့ တစ်ယောက်ချင်းသွားနေတော့ လုပ်ရတာ ခက်တယ်လေ။ နောက် အများပြည်သူကလည်း ဌာနဆိုင်ရာကို သွားတော့ လုပ်ထုံးလုပ်နည်းကို မသိဘူးဆိုရင် သူတို့မှာလည်း လုပ်ရကျပ်တယ်။ ပါတီတွေကို သွားမယ်။ သူတို့အတွက် လိုအပ်တဲ့ နိုင်ငံသားကတ် မထွက်သေးရင် မထွက်သေးဘူး။ မဲဆန္ဒရှင်စာရင်းမှာ မပါသေးဘူး ဆိုရင်လည်း ပါတီကိုပြောရင် ပါတီက လာပြောတဲ့သူတွေ စာရင်းကိုစုပြီး မြို့နယ်ဆို မြို့နယ်နဲ့ ချိတ်ဆက်မယ်။ မရရင် အထက်အဆင့်ဆင့်အထိ သွားလို့ရတယ်။သိပ်အခက်အခဲဖြစ်ရင် ပါတီတွေက သူတို့ကို ပြောပါ။ သူတို့ ကူညီပေးပါ့မယ်ဆိုပြီး UEC က ပြောပါတယ်” ဟု ၎င်းက ဆိုသည်။