၂၁. ၇. ၂၀၂၃
Written by Hey Mar
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဥတ္တံတားရွာမှာ နေထိုင်တဲ့အမျိုးသားတစ်ဦး ဇူလိုင်(၁၈)ရက်နေ့လယ်ကတည်းက ချောင်းအတွင်းမြောပါ ပျောက်ဆုံးနေရာကနေ မနေ့က ဇူလိုင်လ ၂၀ ရက် ညနေပိုင်းမှာတော့ ကြာအင်းဆိပ်ကြီးချောင်းထဲကနေ သေဆုံး(ရုပ်ပျက်)လျက် ပြန်လည်တွေ့ရှိခဲ့တယ်လို့ သိရပါတယ် ။
ဖြစ်စဉ်မှာ ချောင်းရေတွေထဲ အထက်ဘက်ကနေ မြောပါလာတဲ့ ထင်း၊ သစ်တိုသစ်စ စတဲ့ အရာတွေကို အဆိုပါပျောက်ဆုံးအမျိုးသားက လိုက်လံဆယ်ယူနေရင်း အားသန်တဲ့ရေစီးနဲ့အတူ လူပါမြောပါခဲ့ရာကနေ နှစ်ရက်ကြာပျောက်ဆုံးနေခဲ့တာပါ။ ဒေသခံ ပြည်သူတွေနဲ့ ဆွေမျိုးသားချင်းတွေက ပျောက်ဆုံးတဲ့ နေ့ကတည်းက ချောင်းရိုးအတိုင်း လိုက်လံရှာဖွေခဲ့ပေမယ့် နှစ်ရက်ကြာမှ မွန်ကရင် နယ်စပ် ကြာအင်းဆိပ်ကြီးချောင်းထဲကနေ ပြန်တွေ့ရတာလို့ မိသားစုဝင်တွေထဲက တစ်ဦးကို ဆက်သွယ်မေးမြန်းကြည့်လို့ သိရပါတယ်။
ပြန်လည်တွေ့ရှိတဲ့ ပေါင်မြို့နယ်ဥတ္တံတားကျေးရွာနေ ကိုဇော်လတ်(၄၁)နှစ်ရဲ့ ရုပ်အလောင်းကို ကျေးရွာကို ပြန်လည်သယ်ဆောင်လာပြီး နေ့ချင်းသင်္ဂြိုလ်ခဲ့ရပုံကို မိသားစုဝင်တစ်ဦးက “၂၀ ရက်နေ့ ညနေ ၄ နာရီမှ ပြန်တွေ့တာ ရုပ်ပျက်နေပြီမို့ တစ်ခါတည်း သင်္ဂြိုလ်လိုက်တာ”လို့ MT Newsကို ပြောပါတယ် ။
မွန်ပြည်နယ်မှာ မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် တောင်ကျရေဆင်းကာ အနိမ့်ပိုင်းရပ်ကွက်တွေထဲ ရေတွေဝင်ရောက်နေပြီး အတ္ထရံမြစ်နဲ့ နီးတဲ့နေရာတွေမှာတော့ ရေစီးအားသန်တဲ့ အနေအထားလို့ ဒေသခံတချို့ကို MT News က ဆက်သွယ်မေးမြန်းချက်အရ သိရပါတယ်။
ဇူလိုင်လ ၁၉ ရက်နေ့ကလည်း ကလေးငယ် ၃ ဦးရေနစ်ပျောက်ဆုံးခဲ့တယ်လို့ မွန်ပြည်နယ် အခြေစိုက် လူမှုကူညီရေးအသင်းတချို့ရဲ့ ဖော်ပြချက်အရသိရပါတယ်။ အဲဒီဖြစ်စဥ်တွေက မော်လမြိုင်မြို့ပေါ် သီရိမင်္ဂလာ(၁၇)လမ်း အောက်ပိုင်းမှာ ရေတွေဝင်ရောက်လာပြီး အဲ့ဒီလမ်းက အသက်(၁)နှစ်ခွဲအရွယ် မိန်းကလေးငယ်တစ်ဦး
နေအိမ်ခြံဝန်းအတွင်းမှာ ရေနစ်သေဆုံးလျက် ပြန်လည်တွေ့ရှ်ိခဲ့ကြောင်းသိရပါတယ်။
နောက်ပြီး အဲ့ဒီ့ ၁၉ ရက် နေ့လည်ပိုင်းမှာပဲ သီရိမြိုင်(၈) လမ်းအောက်ပိုင်းမှာ အသက်(၁၃)နှစ်အရွယ် ယောက်ျားလေးနှစ်ဦးရေနစ်ပျောက်ဆုံးခဲ့ပြီး လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တွေနဲ့ ဒေသခံပြည်သူတွေ ဝိုင်းဝန်းရှာဖွေကြရာ ညနေ(၃)နာရီကျော်မှာ နာရီဝက်စီခြားပြီး တစ်ဦးစီကို သေဆုံးလျှက် ပြန်လည်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။