၂၁. ၇. ၂၀၂၃
Written by Pan Ei
မြန်မာပြည်ဖွား ကချင်တိုင်းရင်းသူ Grace Dumdaw ပါဝင်သရုပ်ဆောင်ထားတဲ့ ကမ္ဘာကျော် One Direction အဖွဲ့ဝင်ဟောင်း Zayn Malik ရဲ့ သီချင်းသစ် “Love Like This” ဟာ ဒီနေ့မနက်မှာ ထွက်ရှိခဲ့ပါတယ်။
သီချင်းမထွက်ခင် သီချင်းဗီဒီယိုထဲက နှစ်ယောက်တွဲပုံကို Zayn ကိုယ်တိုင် အင်စတာဂရမ်အကောင့်မှာ တင်ခဲ့ကတည်းက အတော်လေး လူတွေရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရတာဖြစ်ပြီး ဓာတ်ပုံထဲက မင်းသမီးဟာ မြန်မာပြည်ဖွားမော်ဒယ် Grace Dumdaw ဖြစ်တယ်ဆိုတာကို သိရှိခဲ့ကြရချိန်မှာတော့ မြန်မာနိုင်ငံက ပရိသတ်တွေက ဂုဏ်ပြုချီးကျူးတာတွေ အများကြီး ရှိခဲ့ပါတယ်။
“Love Like This” သီချင်းဗီဒီယိုရဲ့ ရိုက်ကွင်းနောက်ကွယ်က ပုံရိပ်တွေနဲ့ ဗီဒီယိုထွက်ရှိလာတဲ့ အခါမှာလည်း လိုက်ဖက်လွန်းနေခဲ့တဲ့ Zayn နဲ့ Grace Dumdaw ကို တကယ်တွဲနေကြပြီလားလို့တောင် ထင်ကြေးပေးနေကြတဲ့ ပရိသတ်တွေလည်း ရှိခဲ့သလို ဂုဏ်ယူချီးကျူးနေကြတဲ့ ပရိသတ်တွေလည်းရှိနေပါတယ်။
သရုပ်ဆောင်၊ အဆိုတော်၊ ရုပ်ရှင်ဖန်တီးသူနဲ့ ဓာတ်ပုံ ဆရာတစ်ဦးဖြစ်တဲ့ Grace Dumdaw ဟာ မြန်မာပြည်မှာ မွေးဖွားခဲ့တဲ့ ကချင်တိုင်းရင်းသူတစ်ဦးဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၊ လူဝီစီယားနားပြည်နယ်မှာ ကြီးပြင်းခဲ့တယ်လို့ သိရပါတယ်။ သူမဟာ Swarthmore ကောလိပ်ကနေ ဘွဲ့ ရရှိခဲ့ပြီး အခုလက်ရှိမှာတော့ နယူးယောက်မြို့မှာ အခြေချနေထိုင်နေတယ်လို့လည်း သိရပါတယ်။
ကမ္ဘာကျော် အဆိုတော်တစ်ယောက်ရဲ့သီချင်းမှာ ပါဝင်ရိုက်ကူးခွင့်ရခဲ့တဲ့ မြန်မာပြည်ဖွား Grace အနေနဲ့ ရှေ့လျှောက်ပြီးလည်း ကမ္ဘာ့အဆင့် အောင်မြင်မှုတွေရဖို့ ပရိသတ်တွေက မျှော်လင့်အားပေးနေကြသလို အသစ်ထွက်ရှိခဲ့တဲ့ Zayn ရဲ့သီချင်းသစ်ဟာ ၂၀၂၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ သူ့ရဲ့ နောက်ဆုံး တစ်ကိုယ်တော် အယ်လ်ဘမ် Nobody Is Listening နောက်ပိုင်း ပထမဆုံးထွက်ရှိခဲ့တဲ့ တစ်ကိုယ်တော်သီချင်းလည်း ဖြစ်ပါတယ်။