October 18, 2024

၂၁. ၇. ၂၀၂၃
Written by Nay Moe

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စုန်းချောင်းရွာအခြေပြု PDF စခန်းကို ဒီနေ့မနက်အစောပိုင်းမှာ စစ်ကြောင်းထိုး ရှင်းလင်းခံလိုက်ရတာကြောင့် PDF ၆ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံအချို့ထံက ကနဦးသတင်းတွေအရ စုံစမ်းသိရပါတယ်။

စုန်းချောင်းရွာဟာ ၂၀၂၁ ဖြစ်စဥ်အပြီးကတည်းက ဒီနေ့အထိ အမြဲတမ်းလိုလို နေ့စဥ်နီးပါး ဆန္ဒပြနေတဲ့ရွာဖြစ်တာကြောင့် မကြာခဏဆိုသလို တိုက်ပွဲတွေဖြစ်ပွားတဲ့အပြင် တစ်ရွာလုံးလိုလိုဟာလည်း NUG ထောက်ခံတဲ့ရွာဖြစ်တယ်လို့လည်း သိရပါတယ်။

“ဒီမနက် ၂ နာရီကျော် ၃ နာရီလောက်မှာ ဝင်ရှင်းသွားတာပါ။ စုန်းချောင်းရွာက LPDF တွေပေါ့။ ရွာထဲစစ်ကြောင်းရှိနေတော့ ဘယ်နှစ်ယောက်သေလဲ။ ဘာလဲ မသိဘူး။ တယ်လီဂရန်မှာ တင်ထားတာတွေကြည့်ရတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တယ်လီဂရန်သတင်းချန်နယ်တွေမှာ စုန်းချောင်းရွာကို ဝင်ရောက်ရှင်းလင်းခဲ့ပြီး PDF ၆ လောင်း၊ သေနတ် ၁၁ လက်၊ မိုင်းမျိုးစုံ သိမ်းဆည်းခဲ့တယ်လို့ သတင်းဖော်ပြနေတာ တွေ့ရပြီး ဒေသခံ LPDF တွေကတော့ စုန်းချောင်း PDF ၃ ဦးသေဆုံးတယ်လို့ အတည်ပြုပေးပါတယ်။

ပြီးခဲ့တဲ့ ဇွန်လထဲကစပြီး စစ်ကိုင်းတိုင်းအတွင်းက ရွာတွေမှာ အခြေပြုနေတဲ့ NUG ဩဇာခံ PDF တွေနဲ့ LPDF တွေကို စစ်ကြောင်းထိုးလိုက်လံရှင်းလင်းနေတာဖြစ်ပြီး အဲဒီစစ်ကြောင်းထိုးမှုတွေကြောင့် PDF တွေ LPDF တွေ ရာဂဏန်းနီးပါးသေဆုံးခဲ့ပြီဖြစ်သလို စခန်းအများအပြားလည်း ရှင်းလင်းခံလိုက်ရတဲ့အပြင် လက်နက်ခဲယမ်းတွေ၊ ယာဥ်တွေအများအပြားလည်း သိမ်းဆည်းခံလိုက်ရတယ်လို့ စစ်ကိုင်းတိုင်းအခြေပြု PDF တွေဆီက စုံစမ်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *