
၂၁. ၇. ၂၀၂၃
Written by Peya
ထိုင်းနိုင်ငံ၊ ဘန်ကောက်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူခဲ့ရသော မိုင်းဖုန်းဆရာတော်ဘုရားကြီးသည် ဆေးရုံက ဆင်းပြီးနောက် ဘန်ကောက်မြို့တွင် အနားယူနေကာ ယခု ရက်ပိုင်းအတွင်း မိုင်းဖုန်းသို့ ပြန်ကြွမည် ဖြစ်ကြောင်း တောင်တန်းသာသနာပြု ဆရာတော် ဦးသုခမိန္ဒ (စဝ်ဆုခမ်း) က MT News သတင်းဌာနသို့ မိန့်ကြားသည်။
မိုင်းဖုန်းဆရာတော်ကြီးကို ဇူလိုင် ၈ ရက်တွင် ထိုင်းနိုင်ငံသို့ ဆေးကုသမှု ခံယူရန် ပိုဆောင်ခဲ့ရသေးပြီး ဇူလိုင်လ ၉ ရက်တွင် ပထမအကြိမ် ဆေးရုံက ဆင်းခဲ့ရခြင်းဖြစ်ကာ ဇူလိုင် ၁၄ ရက်က စ၍ ဇူလိုင်လ ၁၉ ရက်အထိ ဘန်ကောက်ဆေးရုံကြီး၌ တက်ရောက်ကာ ဆေးဝါးကုသမှု ခံယူခဲ့ရခြင်း ဖြစ်သည်။
ဇူလိုင်လ ၁၈ ရက် နံနက်ပိုင်းတွင် အစာအိမ်နှင့် အူလမ်းကြောင်းကို မှန်ပြောင်းဖြင့် စစ်ဆေးခဲ့ရာ အူမကြီးတွင် အသားပိုတစ်ခုရှိကြောင်းနှင့် အစာအိမ်တွင် ဘက်တီးရီးယား စွဲကပ်နေကြောင်း တွေ့ရပြီး အသားပိုကို ဖြတ်တောက် ဖယ်ရှားလိုက်ပြီဖြစ်ကြောင်းလည်း သိရသည်။
“ဇူလိုင်လ ၁၉ ရက် မွန်းလွဲ ၁ နာရီမှာ ဆေးရုံက ဆင်းပြီးတော့ နောက်တစ်ရက် နှစ်ရက်လောက်ဆိုရင်တော့ တာချီလိတ် ပြန်တော့မယ်နဲ့ တူတယ်။ အခုက ဘန်ကောက်မှာ သီတင်းသုံးနေတာ။ နှစ်ရက် သီတင်းသုံးပြီးရင် မိုင်းဖုန်းကို ပြန်ကြွမယ် ပြောတယ်” ဟု ဆရာတော် ဦးသုခမိန္ဒ က မိန့်ကြားသည်။
လက်ရှိအချိန် မိုင်းဖုန်းဆရာတော်ကြီး၏ ကျန်းမာရေးမှာ ကောင်းမွန်နေပြီဖြစ်ကြောင်းလည်း ဆရာတော် ဦးသုခမိန္ဒ က မိန့်ကြားသည်။
“လာမယ့် လပြည့်ကျရင် အဓိဌာန်ဝင်မှာပါ” ဟု မိုင်းဖုန်း ဆရာတော် ဘုရားကြီး၏ အဓိဌာန်ဝင်မည့်ရက်နှင့် ပတ်သက်၍ ဆရာတော်က မိန့်ကြားသည်။