October 18, 2024

MT News

Written by Hey Mar

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မန်နောင်ခရိုင်အတွင်းရှိ ကျေးရွာတချို့မှာ မနေ့က ဇူလိုင်လ ၁၉ ရက်နေ့၊ ညနေ ၅နာရီဝန်းကျင်ခန့်က ရုတ်တရက်လေပြင်းတိုက်ခတ်ခဲ့တာကြောင့် လူနေအိမ်‌ခြေတချို့ လွင့်ပါပျက်စီးကာ လူသေဆုံးမှုဖြစ်စဉ်လည်းရှိခဲ့တယ်လို့ ကွတ်ခိုင်အခြေစိုက် ပရဟိတအသင်းကနေ သိရပါတယ်။

လေပြင်းတိုက်ခတ်မှုကြောင့် မန်နောင်ကျေးရွာမှာနေထိုင်တဲ့ အသက် ၁၂ နှစ်အရွယ် လေးတန်းကျောင်းသူမိန်းကလေးငယ်ဟာ ကွင်းထဲရောက်နေခိုက်ဖြစ်တာကြောင့် လေနဲ့အတူလွင့်ပါသွားပြီး ပြန်လည်ပြုတ်ကျတဲ့အရှိန်နဲ့ သေဆုံးခဲ့တာလို့ ဗြဟ္မစိုရ်နှလုံးသားလူမှုကူညီရေးအသင်း(ကွတ်ခိုင်မြို့)မှ တာဝန်ရှိသူက MT News ကိုပြောပါတယ်။

“ပြုတ်ကျတဲ့အရှိန်မှာ အောက်ပြန်အကျ တစ်ခုခုနဲ့ စောင့်မိတယ်ထင်တယ်။ ကွင်းထဲမှာ အမနဲ့အတူနွားပျောက်ရှာနေရင်း လေပြင်းတိုက်လာတော့လွင့်သွားတာ။ ဆေးရုံပို့တဲ့လမ်းမှာကလေးကဆုံးတယ်။ မနေ့က ကွတ်ခိုင်မြို့ အပါအဝင် မန်နောင်ခရိုင်၊ ဟိုမင်းကျေးရွာအုပ်စု၊ ဟိုကျန့် ကျေးရွာအုပ်စု တကြောကို လေပြင်းမွှေတာ အိမ်တွေလည်း အမိုးတွေလန်တယ်။ မန်နောင်ရွာက အထိဆုံးလို့ ပြောရမယ်။ အိမ်ခြေ နှစ်ဆယ်ကျော်တယ်။ လူလည်း သေတယ်ပေါ့” လို့ အဆိုပါပရဟိတအသင်းတာဝန်ရှိသူက MT News ရဲ့ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားပါတယ်။

လေပြင်းတိုက်ခတ်မှုကြောင့် ကွတ်ခိုင်မြို့နဲ့ သုံးမိုင်ခန့်အကွာမှာတည်ရှိတဲ့ ပြည်လုံးချမ်းသာဘုန်းတော်ကြီးကျောင်း အမိုးလန်တာတွေအပါအဝင် ကျောင်းအဝင်လမ်းပေါ်က နှစ်ချို့သစ်ပင်ကြီးတွေလည်း လဲကျပြီး လမ်းပိတ်ဆို့နေတဲ့အတွက် မြို့ခံပရဟိတအသင်းတွေနဲ့ သက်ဆိုင်ရာ ဌာနဆိုင်ရာအဖွဲ့အစည်းတွေ ဝိုင်းဝန်းဖယ်ရှားရှင်းလင်းတာတွေ ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

မန်နောင်ခရိုင် အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတစ်ဦးက” လေပွေဆန်ဆန်တိုက်တဲ့လေပြင်းပေါ့။ မန်နောင် ၊ကျောင်းပြင်၊ ဟိုမင်း အဲ့ဒီ့ရွာတွေဘက်က အိမ်တွေ အမိုးတွေလန်တာ ပြိုကျတာတွေဖြစ်လို့ ဝိုင်းဝန်းကူညီ ပြင်ဆင်ရှင်းလင်းရေးတွေ လုပ်ပေးနေပါတယ်။ မန်နောင်ရွာက ကလေးတစ်ဦး ဆုံးတယ်။ အခြား ကျွဲ၊ နွားတိရစ္ဆာန်ထိခိုက်မှုတော့ မရှိပါဘူး” လို့ MT News ကို ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *