၂၀. ၇. ၂၀၂၃
Written by Nay Aung
ထိုင်းနိုင်ငံမြောက်ပိုင်း တက်ခ်ပြည်နယ်ရှိ Phahonyothin လမ်းပေါ်တွင် ဇူလိုင်လ(၂၀)ရက်နေ့ နံနက်(၄)နာရီအချိန်က ကားတိုက်မှုဖြစ်ပွားခဲ့ရာ မြန်မာနိုင်ငံသား (၅)ဦးသေဆုံးခဲ့သည့်အပြင် မြန်မာနိုင်ငံသားများအပါအဝင်အခြားလူ(၁၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လိုင်စင်နံပါတ်ပြား 74-4144 တပ်ဆင်ထားသော Isuzu အမျိုးအစား ခြောက်ဘီးတပ်ထရပ်ကားနှင့် တိုယိုတာကားအမျိုးအစား ပစ်ကပ်ထရပ်ကားတို့ တိုက်မိခဲ့ခြင်းဖြစ်ပြီး ကားနှစ်စီးစလုံး ဆိုးဆိုးရွားရွားပျက်စီးသွားသည့် အတွက် ကယ်ဆယ်ရေးလုပ်သားများသည် ထိခိုက်ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများကို အပျက်အစီးအတွင်းမှ ဆွဲထုတ်ရန် သံဖြတ်တောက်သည့်ပစ္စည်း ကိရိယာများကို အသုံးပြုခဲ့ရကြောင်း သိရသည်။
ကားတိုက်မှုဖြစ်ပွားခဲ့ပြီးနောက် သေဆုံးသူ(၄)ဦး၏ ရုပ်အလောင်းကို လမ်းမပေါ်တွင် တွေ့ရှိခဲ့ပြီး တိုယိုတာကားအမျိုးအစား ပစ်ကပ်ထရပ်ကားခေါင်းခန်းမှ အသက် ၂၀ နှင့် အသက် ၃၀အရွယ်ကြားရှိ ကားမောင်းသမား ရုပ်အလောင်းတစ်လောင်းကို ထပ်မံတွေ့ရှိခဲ့ကြောင်း၊ အစောပိုင်းစစ်ဆေးချက်များအရ ပစ်ကပ်ထရပ်ကားသည် မြန်မာနိုင်ငံမှ တရားမဝင်ရွှေ့ပြောင်း အလုပ်သမားများကို တင်ဆောင်လာခြင်းဖြစ်ကြောင်း တက်ခ်ပြည်နယ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Isuzu အမျိုးအစားထရပ်ကားမောင်းသူအသက် (၂၆) နှစ်အရွယ် Chaturong က ၎င်းသည် Phitsanulok မြို့မှ မဲဆောက်မြို့သို့ ကုန်ပစ္စည်းများကို ပို့ဆောင်ရန် သွားနေခြင်းဖြစ်ကြောင်း အိပ်ငိုက်သွားခဲ့ခြင်းကြောင့် အရှေ့ဘက်မှလာနေသော ပစ်ကပ်ထရပ်ကားကို ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
တိုယိုတာကားအမျိုးအစား ပစ်ကပ်ထရပ်ကားပေါ်တွင် ခရီးသည်(၁၆)ဦးကို တင်ဆောင်လာခဲ့ပြီး ၎င်းကားသည်မြန်မာနိုင်ငံမှ တရားမဝင်ရွှေ့ပြောင်း အလုပ်သမားများကို တင်ဆောင်ကာ ချွန်ဘူရီပြည်နယ်သို့ ဦးတည်သွားနေခြင်းဖြစ်ကြောင်း တက်ခ် ပြည်နယ်ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။ ကားတိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ကားနှစ်စီးပေါ်တွင်လိုက်ပါလာသော အမျိုးသားရှစ်ဦးနှင့် အမျိုးသမီးလေးဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ရာ Somdet Phrachao Taksin Maharat ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောသည်။
Ref- Khaosod


