October 18, 2024

◾ ထိုင်းပါလီမန်က ပီတာ၏ ဝန်ကြီးချုပ်နေရာအတွက်အဆိုပြုမှု ထပ်မံလက်မခံတော့၍ ပီတာ၏ ဝန်ကြီးချုပ်အိပ်မက် ပျက်ပြားခဲ့ရဟု သိရ

MT News

Translated by Htwe Ko Tun

ထိုင်းနိုင်ငံ၏ အောက်လွှတ်တော်နှင့် အထက်လွှတ်တော် ပူးပေါင်းပါဝင်သော ပါလီမန်က ဇူလိုင်လ ၁၉ ရက် ညနေတွင် Move Forward Party (MFP) ပါတီခေါင်းဆောင် ပီတာ လင်ဂျာရွန်ရတ်က ဝန်ကြီးချုပ် နေရာအတွက် ထပ်မံအဆိုပြုခြင်းအား ပူးတွဲမဲပေးပွဲဖြင့်အဆုံးအဖြတ်ပေးရန် ပါလီမန်၏စည်းမျဉ်းနှင့်မကိုက်ညီ၍ဟုဆိုကာ ပယ်ချခဲ့လိုက်ပြီဖြစ်ကြောင်း ပါလီမန်ဥက္ကဋ္ဌ ဝမ် မူဟာမက် နော် မာသာ က ပြောကြားခဲ့သည်ဟု နောက်ဆုံးသတင်းများအရ သိရသည်။

ပီတာအား ဝန်ကြီးချုပ်နေရာအတွက် ဒုတိယအကြိမ်ပူးတွဲမဲပေးပွဲ ပြုလုပ်သင့်မလုပ်သင့် ပါလီမန် အစည်းအဝေးတက်ရောက်လာသူ အမတ် ၇၁၅ ဦးက အီလက်ထရောနစ်စနစ်ဖြင့် ညနေ ၅ နာရီ ၁၀ မိနစ်တွင် မဲပေးခဲ့ကြသည်။ ထိုကိစ္စနှင့်ပတ်သက်၍ ပါလီမန်အမတ်များအကြား နံနက် ၉ နာရီခွဲတွင် ပါလီမန် စတင်သည်မှစ၍ ကြာရှည်စွာအငြင်းပွားနေသော ထိုကိစ္စကို ပါလီမန်ဥက္ကဋ္ဌက မဲခွဲဆုံးဖြတ်ရန်တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ထိုသို့မဲခွဲရာတွင် ပီတာ ၏ ပူးတွဲမဲပေးပွဲကျင်းပရန် ကန့်ကွက်သူ ၃၉၅ မဲ၊ ထောက်ခံသူ ၃၁၂ မဲ၊ ကြားနေမဲ ရှစ်မဲနှင့် မဲမပေးဘဲနေသူ တစ်မဲ ရှိသဖြင့် ပီတာမှာ ဝန်ကြီးချုပ်နေရာအတွက် ထပ်မံအဆိုမပြုနိုင်တော့ဘဲ ဝန်ကြီးချုပ်မျှော်မှန်းချက်ကို လက်လွှတ်ခဲ့ရသည်။ မစ္စတာ ဝမ် က ပီတာ့အပေါ် ကန့်ကွက်မဲ အရေအတွက်က မဲပေးသူစုစုပေါင်း၏ ထက်ဝက်ဖြစ်သော ၃၇၄ မဲထက်လည်း သာလွန်ခဲ့ကြောင်း ပြောခဲ့သည်။

ပီတာအား ဝန်ကြီးချုပ်အဖြစ်တင်မြှောက်ရန် ပထမအကြိမ် ဇူလိုင် ၁၃ ရက်က မဲခွဲဆုံးဖြတ်ရာ ပီတာမှာ ဝန်ကြီးချုပ်ဖြစ်ရန် လုံလောက်သောမဲ ၃၇၆ မဲမရခဲ့သလို ဒုတိယအကြိမ် ယနေ့ ဇူလိုင် ၁၉ ရက်ညနေတွင် မဲခွဲရာတွင်လည်း ၃၁၂ မဲသာရပြီး ပထမအကြိမ်ထက်မဲရရှိမှုကျဆင်းခဲ့ပြီးနောက် ၎င်းအား ဝန်ကြီးချုပ်အဖြစ် ထပ်မံအဆိုပြုခြင်း ခွင့်မပြုရန် ဆုံးဖြတ်ခံလိုက်ရခြင်းလည်းဖြစ်သည်။

ဇူလိုင်လ ၂၀ ရက်တွင်မူ ဒုတိယမဲအများဆုံးရသော ဖျူထိုင်းပါတီ မှ ဝန်ကြီးချုပ်နေရာအတွက် အဆိုပြုသူအား ပါလီမန်အမတ်များက ပူးတွဲမဲပေးကြမည်ဖြစ်သည်။ ဖျူထိုင်းပါတီက ဆရက်သာ သာ ဗီဆင် ကို ဝန်ကြီးချုပ်နေရာအတွက်အဆိုပြုမည်ဟု မျှော်လင့်ရသည်။

Ref-Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *