October 18, 2024

MT News

Written by Tha Doe

သာမန်ပြည်သူများစွာသွားလာနေတဲ့ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းမိုင်းခွဲခံခဲ့ရပြီး အချိန်မီသိရှိတာကြောင့် ပြည်သူ ၁၅၀၀ ခန့် ထိခိုက်သေဆုံးမှုမဖြစ်ခဲ့ပေမဲ့ ခရီးသွားပြည်သူတွေ လိုရာခရီးမရောက်ဘဲ ဒုက္ခတွေ့ခဲ့ရမှုတစ်ခု ဇူလိုင် ၁၈ ရက်က ဖြစ်ပွားခဲ့ပါတယ်။

မြန်မာ့မီးရထားဟာ ရန်ကုန်-မန္တလေးရထားလမ်းပိုင်းမှာ အမြန်ရထား(၄)စင်း၊ စာပို့ရထား(၂)စင်း၊ လူစီးကုန်တင်ရထား (၂)စင်းနဲ့ ကုန်ရထား(၃)စင်းတို့ကို နေ့စဉ်ပြေးဆွဲပေးနေတာပါ။ အဲဒီအထဲက ရန်ကုန်ကနေ ဇူလိုင် ၁၈ ရက် ညနေ ၃ နာရီ ၄၅ မိနစ်ခန့်မှာ မန္တလေးကို ပုံမှန်ထွက်ခွာလာတဲ့ အမှတ်(၃)အဆန် လူစီး အမြန်ရထားဟာ ည ၉ နာရီ ၁၈ မိနစ်ခန့်မှာ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်အတွင်းက ကျောက်တံခါးဘူတာနဲ့ ပဲနွယ်ကုန်းဘူတာအကြား မိုင်တိုင်အမှတ် (၁၀၉/၂၀-၂၁) အရောက်မှာရထားမီးရောင်နဲ့ သံလမ်းတွေ ကွေးနေပြီး ရထားလမ်းဇလီဖားတုံးတွေ ထောင်နေတာကို မြင်လိုက်တာကြောင့် ရထားကိုအချိန်မီရပ်တန့်ခဲ့ပြီး ခရီးသည်တွေ လုံခြုံရေးအရ ရထားကို ပြန်လည်နောက်ဆုတ်ခဲ့လို့ ည ၁၁ နာရီ ၅၅ မိနစ်ခန့်မှ ကျောက်တံခါးဘူတာကို ပြန်လည်ရောက်ခဲ့ရသလို အဲဒီလမ်းပိုင်းကို ည ၁၁ နာရီ ၅၆ မိနစ်ခန့်မှာ ယာယီပိတ်ခဲ့ရပါတယ်။

ဖြစ်စဉ်နေရာကို တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးခဲ့ချိန်မှာ အကြမ်းဖက်သောင်းကျန်းသူတွေက ရထားလမ်း တံတားကို မိုင်းထောင်ဖျက်စီးထားတာကြောင့် ရန်ကုန်-မန္တလေး ရထားလမ်းပေါ်ရှိတဲ့ ပေ(၆၀) ကွန်ကရစ်တံတားအမှတ် ၁၆၁ ရဲ့ အဆန်လမ်း သံလမ်း(၂) ဖက်ဟာ အရှည်(၁၁)မီတာခန့်နဲ့ အစုန်လမ်းပေါ်က အရှည်(၅၀) မီတာခန့် သံလမ်းတွေ ကွေးကောက်ပျက်စီးနေတာကို တွေ့လိုက်ရပါတယ်။ ဒါ့အပြင် ကွန်ကရစ် ဇလီဖားတုံးတွေ ပျက်စီးနေတာ၊ တံတားရဲ့ ကွန်ကရစ်ကြမ်းခင်း အလျား(၄)ပေ၊ အနံ(၄)ပေခန့်ဟာလည်း ပျက်စီးနေတာကြောင့် ရထားလမ်းပျက်စီးမှုကို ညတွင်းချင်း ပြန်လည်ပြုပြင်ခဲ့ရပြီး လမ်းပိုင်းကိုလည်း ဇူလိုင် ၁၉ ရက် နံနက် ၈ နာရီ ၄၁ မိနစ်ကြမှ ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့တာပါ။

ဒီလို မိုင်းခွဲမှု​ဖြစ်စဉ်ကြောင့် ပြည်သူတွေ မသေဆုံးခဲ့ပေမဲ့ အမှတ်(၃)အဆန် လူစီးအမြန်ရထားဟာ ၉ နာရီ ၂၇ မိနစ်၊ အမှတ်(၆)အစုန် လူစီးအမြန်ရထားဟာ ၅ နာရီ ၄၅ မိနစ်နဲ့ အမှတ်(၄)အစုန်လူစီးအမြန်ရထားဟာ ၄ နာရီ ၂၃ မိနစ်မှာ နီးစပ်ရာဘူတာတွေမှာ စောင့်ဆိုင်း ကြန့်ကြာခဲ့ရတာကြောင့် သာမန်ပြည်သူ ရထားစီး ခရီးသည် စုစုပေါင်း ၁၅၀၀ ခန့်ဟာ လမ်းခရီးမှာ အခက်အခဲများစွာ ကြုံတွေ့ ခဲ့ရတာပါ။

ဒီ မိုင်းဖောက်ခွဲမှုဖြစ်စဉ်ဟာ ပုံမှန်ဖြတ်သန်းသွားလာနေတဲ့ လူစီးရထားတွေ ခရီးသွားပြည်သူတွေကို ထိခိုက်ပျက်စီးစေဖို့ ရည်ရွယ်လုပ်ဆောင်ထားတဲ့အပြင် ရန်ကုန်-မန္တလေး ရထားလမ်းအဆင့်မြှင့်တင်ရေးအတွက် ဆောင်ရွက်နေတဲ့ စီမံကိန်းလုပ်ငန်းကိုပါ ထိခိုက် ပျက်စီးစေဖို့ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ထားတာဖြစ်ပြီး အခုဖြစ်စဉ်မှာ ရထားကိုသာ အချိန်မီ မရပ်တန့်နိုင်ခဲ့ရင် ရထားစီး ခရီးသွားပြည်သူများစွာ ထိခိုက်သေဆုံးနိုင်ပါတယ်။

ဒီလိုမျိုး မိုင်းခွဲမှုဖြစ်စဥ်လိုပါပဲ။ အကြမ်းဖက်သောင်းကျန်းသူတွေဟာ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့ကစ ဒီနေ့အချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးမှာ ရထားလမ်းနဲ့ ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင်၊ မိုင်းခွဲဖျက်စီးမှု ၁၁၂ ကြိမ်၊ ရထားတံတားတွေ မိုင်းခွဲဖျက်စီးတာက ၄၁ ကြိမ်နဲ့ ဘူတာအဆောက်အဦတွေ ဝန်ထမ်းနေအိမ်တွေကို မီးရှို့ ဖျက်စီးတာက ၁၂ ကြိမ် ကျူးလွန်ထားလို့ ပြည်သူဆယ်ဂဏန်း သေကြေထားသလို ရာဂဏန်းနီးနီးလည်း ထိခိုက်ဒဏ်ရာရထားပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *