October 18, 2024

၂၀. ၇. ၂၀၂၃
Written by Pan Ei

အမေရိကန်က ဒိတ်ဒိတ်ကြဲဂီတပညာရှင်တွေဖြစ်ကြတဲ့ Travis Scott၊ Bad Bunny နဲ့ The Weeknd တို့ ပူးတွဲသီဆိုထားတဲ့ သီချင်းသစ်ဟာ မနက်ဖြန် ဇူလိုင်လ ၂၁ ရက်မှာ ထွက်ရှိတော့မယ်လို့ သိရပြီး သီချင်းသစ်ရဲ့ ခေါင်းစဉ်ကတော့ “KPOP” ဖြစ်တယ်လို့ ဒီနေ့ မနက် အစောပိုင်းမှာ Travis Scott က သူ့ရဲ့ အင်စတာဂရမ် အကောင့်ကနေ တစ်ဆင့် ကြေညာခဲ့ပါတယ်။

“KPOP” လို့ အမည်ရတဲ့ အဲ့ဒီတေးသီချင်းသစ်ဟာ မထွက်ခင်ကတည်းက နာမည်နဲ့တင် ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ရရှိနေတာဖြစ်ပြီး တောင်ကိုရီးယားနဲ့ နိုင်ငံတကာ အင်တာနက်သုံးစွဲသူတွေအကြားမှာ အမျိုးမျိုးသော ထင်ကြေးပေးခံရမှုတွေ ပြင်းထန်လျက်ရှိနေပါတယ်။

အဲ့ဒီတေးသီချင်းသစ်ဟာ Travis Scott ရဲ့ စတုတ္ထမြောက် အယ်လ်ဘမ် ‘Utopia’ မှာ ပါဝင်မယ့် သီချင်းဖြစ်တယ်လို့ သိရပြီး ‘Utopia’ အယ်လ်ဘမ်ကို ကြိုတင်မှာယူနိုင်ပေမဲ့ ထွက်ရှိမယ့်ရက်ကိုတော့ မသိရသေးပါဘူး။

“KPOP” သီချင်းဟာ ၂၀၂၁ ခုနှစ်က ဟော်စတွန်မြို့မှာ ကျင်းပခဲ့တဲ့ Travis Scott ရဲ့ဂီတပွဲတော် Astroworld မှာ လူပိမှုကြောင့် စုစုပေါင်း လူဆယ်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၁၀၀ ကျော်ရှိခဲ့ပြီးနောက်မှာ ပထမဆုံးအနေနဲ့ ထွက်ရှိလာမယ့် အယ်လ်ဘမ်သစ်ရဲ့ သီချင်းသစ်လည်း ဖြစ်ပါတယ်။

ပရိသတ်တွေ အံ့အားသင့်ခဲ့ရပြီး မမျှော်လင့်ထားတဲ့ အဆိုတော်သုံးယောက် လက်တွဲမှုနဲ့အတူ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ခေါင်းစဉ်နဲ့ သီချင်းသစ် “Kpop” ရဲ့ သီချင်းထဲမှာ ပါဝင်သွားမယ့် အကြောင်းအရာကတော့ မသိရသေးပေမဲ့ ပရိသတ်တွေ ရင်ထဲကို ဘယ်လောက်ထိ ရောက်ရှိသွားနိုင်မလဲဆိုတာကတော့ စောင့်ကြည့်သွားရဦးမှာပဲဖြစ်ပါတယ်။

Ref; Pitchfork

Leave a Reply

Your email address will not be published. Required fields are marked *