October 18, 2024

၂၀. ၇. ၂၀၂၃
Written by Peya

ခရီးသွားများ စိတ်ဝင်စားမှုများပြားရာ ဒေသတစ်ခု ဖြစ်သည့် ကချင်ပြည်နယ်၊ ပူတာအိုသို့ ခရီးသွားဝင်ရောက်မှု မှာ ပြန်လည်မြင့်တက်လာနေသော်လည်း ရေခဲတောင်တက်ခရီးစဉ် လာရောက်မှုမှာမူ နည်းနေသေးကြောင်း ဒေသခံ ခရီးသွားအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

ကချင်ပြည်နယ်သို့ ဧည့်သည်ဝင်ရောက်မှုအနေဖြင့် ၂၀၂၁ ခုနှစ်၌ ပြည်တွင်း/ ပြည်ပဧည့်သည် ၇၁၇၇၁ ဦး၊ ၂၀၂၂ ခုနှစ်တွင် ၁၈၄၁၁၁ ဦး၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဧပြီလကုန်အထိ ၇၀၇၈၈ ဦး ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ပြည်ပ ခရီးသည် သက်သက်အနေဖြင့် ယခုနှစ် ဇန်နဝါရီမှ ဇွန်လအထိ နိုင်ငံခြားသား ဧည့်သည် ၈၈၅ ဦး ဝင်ရောက်ခဲ့ပြီးဖြစ်ကာ ယခင်နှစ်ထက်များပြားခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

“အခုက ပြည်တွင်းခရီးသွားများတာပါ။ တောင်တက်ခရီးစဉ်က သိပ်မများဘူး။ ပူတာအို အနီးတဝိုက်က ပိုများပါတယ်။ ကိုဗစ်ပြီးသွားတော့ လူတွေ ပြန်ပြီးတော့ စိတ်ဝင်စားလာတဲ့ သဘောပါ။ အရမ်းအများကြီးတော့ မဟုတ်ဘူး။ အရင်က တော်တော်နည်းတာ” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

လက်ရှိတွင် လေကြောင်းလိုင်းကလည်း နည်းနေသေးပြီး ရက်သတ္တပတ် တစ်ပတ်လျှင် သုံးလေးရက်သာ ဆွဲသည့်အတွက် ခရီးသည်များ လေယာဉ်လက်မှတ် မရခြင်းမျိုး ရှိနေကြောင်း ၎င်းက ဆိုသည်။

“ရေခဲတောင်တက် ခရီးစဉ်ကတော့ အဓိက လမ်းပန်း ဆက်သွယ်ရေးပေါ့။ စိတ်ဝင်စားလို့ တက်မယ်ဆိုရင်တောင်မှ လေယာဉ်လက်မှတ်မရတာ။ ပြီးရင် တောင်တက်ခရီးစဉ်က ကုန်ကျမှုများတယ်။ လူတစ်ယောက် သိန်းနှစ်ဆယ်လောက်ရှိမှ သွားလို့ ရတာ။ ရက်ကလည်း အချိန်ပေးရတယ်။ အရင်ကတော့ ဆယ်ညအိပ် ဆယ့်တစ်ရက်ပေါ့။ အခုကတော့ ခုနှစ်ရက် ရှစ်ရက်နဲ့ သွားလို့ရပေမယ့် သာမန်ဝန်ထမ်းတွေက အဲ့ဒီလောက်အချိန်မရဘူး” ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *