
(၄၄)ကြိမ်မြောက် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးအား SAC ဝန်ကြီးအဖွဲ့ တက်ရောက်နေစဥ်
၂၇. ၁၀. ၂၀၂၂
Written by Thettant
SAC အစိုးရအဖွဲ့၏ ထောက်ပံ့ပေးမှုကြောင့် မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍမှ ပြည်ပတင်ပို့မှု ကျဆင်းခဲ့ခြင်းမရှိကြောင်း အောက်တိုဘာ ၂၆ ရက်က ကျင်းပသည့် (၄၄)ကြိမ်မြောက် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားသည်။
(၄၄)ကြိမ်မြောက် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး၊ (၂၂)ကြိမ်မြောက် အာဆီယံအပေါင်းသုံး လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့် (၇)ကြိမ်မြောက် အာဆီယံ-အိန္ဒိယ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးကို အလှည့်ကျဥက္ကဋ္ဌဖြစ်သော လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် Virtual Conferencing စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်(၁၀)နိုင်ငံမှ လယ်ယာစိုက်ပျိုးရေးနှင့်သစ်တောဆိုင်ရာဝန်ကြီးများနှင့်အတူ မြန်မာနိုင်ငံမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ကြသည်။
အဆိုပါ အစည်းအဝေးတွင် ဦးတင်ထွဋ်ဦးက မြန်မာနိုင်ငံ၏ စီးပွားရေးသည် စိုက်ပျိုးရေးကို အခြေခံထားသည်နှင့်အညီ မြန်မာနိုင်ငံ၏ စုစုပေါင်း ပြည်တွင်းထုတ်ကုန်၏ ၂၃ ဒသမ ၇ ရာခိုင်နှုန်း၊ ပြည်ပပို့ကုန်မှရရှိငွေ ၃၅ ရာခိုင်နှုန်းနှင့် ကျေးလက်ဒေသရှိလူဦးရေ ၇၀ရာခိုင်နှုန်းတို့သည် လယ်ယာလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်လျက်ရှိကြောင်း ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍမှ ပြည်ပတင်ပို့မှု ကျဆင်းခဲ့ခြင်းမရှိဘဲ ဆန်တန်ချိန် ၁ ဒသမ ၉ သန်း ၊ ပဲမျိုးစုံ တန်ချိန် ၁ ဒသမ ၈၇ သန်း၊ ပြောင်းတန်ချိန် ၂ ဒသမ၆ သန်း၊ နှမ်းတန်ချိန် ၀ ဒသမ ၃ သန်းနှင့် ရေထွက်ပစ္စည်းတန်ချိန် ၀ ဒသမ ၆ သန်းတို့ကို တင်ပို့နိုင်ခဲ့ကြောင်း ပြောသည်။ ထိုသို့စားနပ်ရိက္ခာဖူလုံပိုလျှံစွာ ထုတ်လုပ်နိုင်မှုကြောင့် ဒေသတွင်းစားနပ်ရိက္ခာနှင့် အာဟာရဓါတ်ဖူလုံရေးကို ဝိုင်းဝန်း ဖြည့်ဆည်းပေးနိုင်ခဲ့ပါပြီး အဆိုပါ ဆောင်ရွက်နိုင်မှုများသည် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ(၂)ခု၏ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်နိုင်မှုနှင့် နိုင်ငံတော်အစိုးရ၏ ထောက်ပံ့ကူညီပေးမှုကြောင့် ဖြစ်ကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍမှ ပိုကုန်တင်ပို့နိုင်မှုမှာ ယခုနှစ် ဩဂုတ်လကုန်အထိ ပုံမှန်ကုန်သွယ်မှုမှ ဒေါ်လာ ၄၇၃၉ သန်းကျော်နှင့် နယ်စပ်ကုန်သွယ်မှုမှ ဒေါ်လာ ၂၄၇၆ သန်းကျော်ဖြင့် စုစုပေါင်း ဒေါ်လာ ၇ ဒသမ ၂ ဘီလျံကျော်ဖိုး တင်ပို့ထားနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။