October 19, 2024

ရဲအရာရှိ ကယ်လ်ဗင် ချဲလ်ဗမ်၊ ဇနီးသည် ဂိုင်ယာသီရိနဲ့ ညှဉ်းပန်းနှိပ်စက်ခံရမှုကြောင့် သေဆုံးခဲ့တဲ့ မြန်မာအမျိုးသမီး မပိုင်ငိုက်ဒွန်

၂၀. ၇. ၂၀၂၃
Written by Pan Ei

စင်ကာပူအမျိုးသမီးနဲ့ မိခင်ဖြစ်သူတို့ရဲ့ ညှင်းပန်းနှိပ်စက်ခဲ့မှုကြောင့် မြန်မာအမျိုးသမီးငယ်အိမ်ဖော်တစ်ဦး ဦးနှောက်ထိခိုက် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်မှာ ပါဝင်နှိပ်စက်ခဲ့ပြီး သက်သေဖျောက်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတဲ့ နှိပ်စက်သူ အမျိုးသမီးရဲ့ခင်ပွန်းဖြစ်တဲ့ စင်ကာပူ ရဲအရာရှိတစ်ဦးကို ဒီနေ့ (ဇူလိုင်လ ၂၀ ရက်)မှာ ရုံးတင်စစ်ဆေးခဲ့ပါတယ်။

ညှင်းပန်းနှိပ်စက်သ-တ်ဖြတ်ခဲ့မှုကြောင့် ထောင်ဒဏ်ချမှတ်ခံနေရတဲ့ အမျိုးသမီးနဲ့ သူမရဲ့ မိခင်ဖြစ်သူတို့ရဲ့ ခင်ပွန်းနဲ့ သားမက်ဖြစ်သူ ရဲဝန်ထမ်း ကယ်လ်ဗင် ချဲလ်ဗမ် ဟာ စင်ကာပူရဲတပ်ဖွဲ့မှ ဆိုင်းငံ့ခံထားရသူဖြစ်ပြီး အသက် ၂၄ နှစ်အရွယ် မြန်မာနိုင်ငံသား မပိုင်ငိုက်ဒွန်(Piang Ngaih Don) သေဆုံးခဲ့ရတဲ့ အမှုနဲ့ ပတ်သက်တဲ့ စွဲချက်လေးခုနဲ့ ရင်ဆိုင်နေရတာပါ။

၂၀၁၆ ခုနှစ်၊ ဇူလိုင် ၂၆ ရက်မှာ သေဆုံးခဲ့တဲ့ မြန်မာနိုင်ငံသား မပိုင်ငိုက်ဒွန် မသေဆုံးမီမှာ ကယ်လ်ဗင် ချဲလ်ဗမ် ဟာ အစာမကျွေးဘဲ အငတ်ထားကာ နှိပ်စက်ခဲ့တဲ့ ဖြစ်စဉ်မှာ ပါဝင်ပတ်သက်ခဲ့သလို CCTV မှတ်တမ်းတွေအရလည်း ဆံပင်ဆွဲကာ ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့အပြင် အမှုဖြစ်ပွားပြီးနောက်မှာ CCTV မှတ်တမ်းတွေကို ရဲတွေက တောင်းခဲ့ရာမှာတော့ လွန်ခဲ့တဲ့ ၆ လကတည်းက ဖျက်ထားခဲ့တာဖြစ်တယ်လို့ လိမ်လည်ထွက်ဆိုခဲ့သေးတာပါ။

၂၀၁၅ ခုနှစ် မေလနှောင်းပိုင်းက မြန်မာအမျိုးသမီးငယ်ဟာ သူတို့အိမ်မှာ အလုပ်စလုပ်ခဲ့တာဖြစ်ပြီး အိမ်အကူကို တစ်နေ့မှာ အနည်းဆုံး အစားအစာ ၃ နပ် ကျွေးဖို့ ချဲလ်ဗမ် က သဘောတူညီပြီး အလုပ်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့တာဖြစ်ပေမဲ့ သူမ စတင်အလုပ်လုပ်စဉ်က ၃၉ ကီလိုဂရမ်ရှိခဲ့ပြီး ၁၄ လအကြာ သူမ သေဆုံးသွားခဲ့ချိန်မှာတော့ ကိုယ်အလေးချိန် ၂၄ ကီလိုဂရမ် (၅၃ ပေါင်ခန့်) သာရှိတော့တဲ့အထိ သူမဟာ အစာအငတ်ခံခဲ့ရပြီး နှိပ်စက်ခံခဲ့ရတာပါ။

ဒါတွေကို မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့ပြီး ကိုယ်တိုင်ပါ ကျူးလွန်ခဲ့တဲ့ ချဲလ်ဗမ် ဟာ “သေဆုံးခဲ့သူရဲ့အခြေအနေတွေကို လျစ်လျှူရှုခဲ့ကာ သူမသေဆုံးချိန်အထိ အနိုင်ကျင့်တာတွေကို ဆက်လက်လုပ်ဆောင်ခွင့်ပေးထားမှု” စတဲ့ ပြစ်မှုတွေနဲ့ Chelvam ဟာ ပါဝင်ပတ်သက်မှုရှိနေတာလို့ လက်ထောက်အစိုးရရှေ့နေတွေဖြစ်တဲ့ Stephanie Koh နဲ့ Sean Teh တို့က ပြောကြားခဲ့ပါတယ်။

ချဲလ်ဗမ်ရဲ့ ဇနီးသည် ဂိုင်ယာသီရိဟာ လူသတ်မှုအပါအဝင် စွဲချက်များစွာနဲ့ ၂၀၂၁ ခုနှစ်မှာ ထောင်ဒဏ်အနှစ် ၃၀ ချမှတ်ခံခဲ့ရပြီး သူမကိုယ်တိုင် ပါဝင်နှိပ်စက်ခဲ့ကြောင်း ပြောဆိုပြီး အပြစ်ရှိကြောင်း ၀န်ခံခဲ့သလို CCTV မှတ်တမ်းကို ဖယ်ရှားပေးဖို့ ချဲလ်ဗမ်ကို တောင်းဆိုခဲ့တဲ့သူမရဲ့ မိခင် ပရီမာအက်စ် နာရေနာဆာမိုင် က ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံခဲ့ရပါတယ်။ ချဲလ်ဗမ် ကတော့ ရှေ့နေ Pratap Kishan ရဲ့ ကာကွယ်ပေးမှုနဲ့အတူ စင်ကာပူဒေါ်လာ ၁၅,၀၀၀ နဲ့ အာမခံရခဲ့ပါတယ်။

Ref; CNA

အဆိုပါ အမှုနှင့် ပတ်သက်ပြီး MT News တွင် ယခင်က ဖော်ပြခဲ့သော သတင်းများ ဖတ်ရှုရန်—

Leave a Reply

Your email address will not be published. Required fields are marked *