
MT News
Written by Thettant
ကျပ် ၁၁ ဒသမ ၇၅ ဘီလျံတန်ဖိုးရှိ ICE (methamphetamine) များ ဖမ်းမိ၍ စစ်ဆေးရာမှ လက်နက်ကိုင်အချို့ပါ ထပ်မံဖမ်းမိမှု မွန်ပြည်နယ်၊ သထုံမြို့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁၉ ရက် ညနေ ၄ နာရီခွဲအချိန် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၄၅/၆)အနီးတွင် ကျိုက်ထိုဘက်မှ မြဝတီဘက်သို့ သိန်းကို မောင်းနှင်ပြီး ရန်နိုင်ထွန်း လိုက်ပါလာသည့် Canter ၆ ဘီး မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁၁ ဒသမ ၇၅ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၄၇၀ ကီလို သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးမိသူ သိန်းကိုနှင့် ရန်နိုင်ထွန်းအား စစ်ဆေးချက်အရ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ကရင်ပြည်နယ်သို့ အိုက်စ်(မက်သ်အဖက်တမင်း)များ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်ကြသည့် ပြင်ဦးလွင်မြို့နယ်၊ စိန်ပန်းကျေးရွာတွင် ပါကျဲ(ခ)စိုးလင်းထွန်း အား မြန်မာငွေကျပ် သိန်း ၈၀၊ IPSUM မော်တော်ယာဉ် ၁ စီး နှင့်လည်းကောင်း၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ကျေးရွာတွင် ကိုစိုင်း(ခ)စောဇာနည်မောင် နှင့် မျိုးအောင်(ခ) ဟော့ထင်ချန် တို့အား GIOCK 9 MM ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ 9 MM ကျည် ၂၃ တောင့်၊ Crown မော်တော်ယာဉ် ၁ စီး နှင့်လည်းကောင်း၊ ဘားအံမြို့နယ်၊ မဲဘောင်ကျေးရွာတွင် အားဝေ(ခ)လောက်ဆန်း နှင့် သက်ဦး(ခ)စောသက်ဦး တို့အား Crown မော်တော်ယာဉ် ၁ စီးနှင့်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။
ထို့ကြောင့် ၎င်းတို့ ၇ ဦးအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း CCDAC Myanmar မှ သိရသည်။