October 18, 2024

ဇူလိုင်လ ၁၉ ရက် ညပိုင်းတွင် ဘန်ကောက်မြို့၊ ဒီမိုကရေစီကျောက်တိုင်သို့ စုရုံးလာသော ပီတာထောက်ခံသူ ဆန္ဒပြသမားများကိုတွေ့ရစဉ်

ပီတာ ပါဝင်ခွင့်မရှိတော့သော ဝန်ကြီးချုပ်နေရာ ပူးတွဲမဲပေးပွဲ ဇူလိုင်လ ၂၇ ရက်တွင် ပါလီမန်၌ ထပ်မံပြုလုပ်မည်

၂၀. ၇. ၂၀၂၃
Translated by Htwe Ko Tun

ထိုင်းနိုင်ငံရွေးကောက်ပွဲမှာ မဲအများဆုံးရခဲ့တဲ့ Move Forward Party (MFP) ပါတီခေါင်းဆောင် ပီတာကို ရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၁၉ ရက် နံနက်မှာ အောက်လွှတ်တော်အမတ်အဖြစ်က ရပ်ဆိုင်းကြောင်း ဆုံးဖြတ်ချက်ချမှတ်ပြီးတဲ့နောက် ပီတာဟာ ပါလီမန်အစည်းအဝေးကနေ ထွက်ခွာခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ ပါလီမန်အမတ်တွေကလည်း ပီတာကို ဝန်ကြီးချုပ်နေရာအတွက် ဒုတိယအကြိမ်အဆိုပြုမှုကို လက်မခံဘူးဆိုတာ မဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။

ဇူလိုင်လ ၁၉ ရက် နေ့လယ်ပိုင်းက ပါလီမန်အဆောက်အအုံရှေ့မှာ စုဝေးနေတဲ့ ပီတာကိုထောက်ခံသူတွေဟာ ညနေ ၅ နာရီခန့်မှာတော့ ဘန်ကောက်မြို့၊ ဒီမိုကရေစီကျောက်တိုင်ဆီကို ချီတက်စုဝေးလာပါတယ်။ သူတို့က အခြားသော ပီတာထောက်ခံသူတွေနဲ့ပေါင်းစည်းကာ ဒီမိုကရေစီကျောက်တိုင်မှာ “ပြည်သူတို့ရဲ့ဆန္ဒအရ တင်မြှောက်တဲ့ ဝန်ကြီးချုပ်ပီတာ” လို့ရေးထားတဲ့ စာတမ်းနဲ့ ကျောက်တိုင်ကို ရစ်ပတ်ထားကြပါ တယ်။

ဆန္ဒပြခေါင်းဆောင်တွေက MFP ပါတီဟာ အခုဆိုရင် အတိုက်အခံဘဝရောက်ရပြီဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဟာ အခုဆိုရင် ဒီမိုကရေစီဖော်ဆောင်မယ့် အစိုးရတွေကို ဖယ်ရှားရာ ယန္တရားတစ်ခု ဖြစ်နေပါပြီလို့ ဟောပြောခဲ့ကြပါတယ်။

ညနေပိုင်းရောက်လာတာနဲ့အမျှ ဒီမိုကရေစီကျောက်တိုင်ပတ်ဝန်းကျင်တစ်ဝိုက်က လမ်းတွေထဲမှာ ဆန္ဒပြသမားတွေနဲ့ ပြည့်ကျပ်လို့လာပါတယ်။ ဒီ့နောက်မှာတော့ ဆန္ဒပြသမားတွေက အထက်လွှတ်တော် အမတ်တွေရဲ့ အခေါင်းသေတ္တာတွေကို မီးရှို့သင်္ဂြိုလ်တဲ့ အသုဘအခမ်းအနားတစ်ခုကိုပြုလုပ်ပြီး ဆန္ဒပြမှုတွေပါ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဇူလိုင်လ ၁၉ ရက်မှာ ပါလီမန်က MFP ပါတီခေါင်းဆောင် ပီတာရဲ့ ဝန်ကြီးချုပ်နေရာအတွက် ဒုတိယအကြိမ် အဆိုပြုမှုကို လက်မခံကြောင်း မဲခွဲဆုံးဖြတ်ပြီးနောက်မှာတော့ ဇူလိုင်လ ၂၇ရက်မှာ ဝန်ကြီးချုပ်အဖြစ် ဖျူထိုင်းပါတီရဲ့အဆိုပြုမှုကို ပါလီမန်က ထပ်မံပြီး ပူးတွဲမဲပေးပွဲပြုလုပ်မှာပါ။

Ref—-Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *