October 18, 2024

ဓာတ်ပုံ - ကလျာဏမိတ္တ လူမှုကူညီရေးအသင်း (ပဲခူး)

၂၀. ၇ .၂၀၂၃
Written by Hey Mar

ပဲခူးတိုင်းဒေသကြီး ၊ သနပ္ပင်မြို့နယ်အပိုင် ကျွဲဖြူချောင်းကျေးရွာရှိ ကျွဲဖြူချောင်းရိုးမှာ မနေ့က ဇူလိုင် ၁၉ ရက် ညနေ ၃ နာရီဝန်းကျင်က ဝါဆိုသင်္ကန်းဆက်ကပ်ပြီး ပြန်လာတဲ့ စက်လှေတိမ်းမှောက်တာကြောင့် မိန်းကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီးလေးဦး သေဆုံးခဲ့တယ်လို့ ပဲခူးမြို့အခြေစိုက် ကလျာဏမိတ္တလူမှုကူညီရေးအသင်းကနေ သိရပါတယ်။

ဖြစ်စဥ်မှာ ကျွဲဖြူချောင်းကျေးရွာ ဘုန်းကြီးကျောင်းကို ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမှာ နေထိုင်တဲ့ အလှူရှင်တွေက ဝါဆိုသင်္ကန်းလာရောက်ဆက်ကပ်လှူဒါန်းကြတာလို့ သိရပါတယ်။ သနပ္ပင်ဘက်ကို ရိုးအတိုင်း စက်လှေပေါ်လူ ၁၁ ဦးတင်ဆောင်မောင်းနှင်လာစဥ်မှာ တိမ်းမှောက်ခဲ့တာဖြစ်ပြီး ၇ ဦးကို ပြန်လည် ဆွဲတင်နိုင်ခဲ့ပေမယ့် ၄ ဦးပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။

“ပျောက်ဆုံးသူ DB ၄ ခု ကို ညနေ ၅ နာရီဝန်းကျင်မှာ အကုန်ပြန်ဆယ်နိုင်ပါတယ်။ အမျိုးသမီးကြီး တစ်ဦး။ မိန်းမရွယ်နှစ်ဦးနဲ့ ကလေးငယ် မိန်းကလေးတစ်ဦးပါ။ ရုပ်အလောင်းတွေကိုတော့ ဒီနေ့ (ဇူလိုင်လ ၂၀ ရက်နေ့) မှာ သနပ္ပင်ဆေးရုံ ရင်ခွဲရုံကနေရန်ကုန်တောင်ဥက္ကလာပ ကျီစုသုသာန်ကို ပို့ဆောင်နေပါတယ်”လို့ ကလျာဏမိတ္တလူမူကူညီရေးအသင်းမှ တာဝန်ရှိသူက MT News ကို ပြောပါတယ်။

ရုပ်အလောင်း လေးလောင်းကို ကလျာဏမိတ္တ လူမှုကူညီရေးအသင်း ၊ သာမဏေကျော်လူမူကူညီရေးအသင်း၊ သနပ္ပင်စေတနာရှင်လူမူကူညီရေးအသင်းတို့က နိဗ္ဗာန်ယာဥ်နဲ့ လိုက်လံကူညီပို့ဆောင်ပေးခဲ့တာလို့ သိရပါတယ်။

ဓာတ်ပုံ – ကလျာဏမိတ္တ လူမှုကူညီရေးအသင်း (ပဲခူး)

Leave a Reply

Your email address will not be published. Required fields are marked *