October 18, 2024

Photo - RSCCI

၂၀. ၇. ၂၀၂၃
Written by Ye Kyaw

အလုပ်သမားရှားပါးမှုနှင့် ကုန်ထုတ်လုပ်သည့် စက်ရုံ၊အလုပ်ရုံများ လျှပ်စစ်မီးအပြည့်အဝရရှိရန် ကျန်ရှိနေသေးသဖြင့် ရခိုင်ပြည်နယ်အတွင်း ကုန်ထုတ်လုပ်မှုစရိတ်များ ယခင်ထက် အနည်းအငယ် မြင့်တက်လာကြောင်း ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။

“လျှပ်စစ်မီးက အများပြည်သူသုံးဖို့အတွက်ကတော့ တော်တော်လေး လုပ်ထားပြီးပြီ။ တချို့ပေါ့။ ကုန်ထုတ် လုပ်မှုတွေလုပ်တဲ့ စက်ရုံအလုပ်ရုံတွေကို ရောက်အောင် သွယ်တန်းပေးရတဲ့ မီးကိစ္စတွေပေါ့။ အတိအကျမဟုတ်ပေမဲ့ ကျန်သေးတာတွေရှိပါတယ်။ ကုန်ထုတ်လုပ်မှုပမာဏကတော့ ဒီဘက်မှာ မီးရရင်တော့ ကောင်းတာပေါ့။ မရသေးလည်း သူ့နည်းသူ့ဟန်နဲ့ ထုတ်လုပ်နေကြတာရှိတယ်။ အဓိကတော့ ဒီဘက်မှာတော့ ကုန်ထုတ်လုပ်မှုမှာ ကုန်ကျစရိတ်တွေတော့ မြင့်တက်လာတဲ့ အနေအထားရှိတယ်။ လုပ်သားအင်အား ရှားပါးမှုတွေရှိတယ်။ ကုန်ထုတ်လုပ်မှုကုန်ကျစရိတ်ကတော့ အရင်ထက် နည်းနည်းမြင့်တက်လာပါတယ်” ဟု ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးတင်အောင်ဦးက ပြောသည်။

မုန်တိုင်းဒဏ်ခံခဲ့ရမှုနှင့် မိုးတွင်းကာလဖြစ်ခြင်းတို့ကြောင့် ရခိုင်ပြည်နယ်အတွင်းသို့ ရန်ကုန်နှင့် မန္တ‌လေးမြို့တို့မှ ကုန်လမ်းမှကုန်စည်ဝင်ရောက်မှုသည် လက်ရှိတွင် နှောင့်နှေးကြန့်ကြာမှုများရှိနေကြောင်း၊ ‌ရန်ကုန်မှ ရခိုင်ပြည်နယ်သို့ ရေကြောင်းကုန်စည်စီးဆင်မှုတွင်လည်း မိုးတွင်းကာလဖြစ်သဖြင့် ကုန်တင်ကုန်ချလုပ်ငန်းစဥ်များ ယခင်ထက် အချိန်ကြာမြင့်စွာဆောင်ရွက်နေရကြောင်း သိရသည်။

“ကုန်ကားတွေက လက်ရှိကတော့ ကုန်ကားရှားပါးတဲ့အနေအထားတွေ တွေ့နေရတယ်။ မိုးတွင်းရာသီဆိုတော့ တောင်ပေါ်လမ်းတွေကလည်း အခက်အခဲရှိပါတယ်။ ရန်ကုန်က ထွက်လာတဲ့ကားရော မန္တလေးက ထွက်လာတဲ့ကားရော ကုန်ကားတွေက ဝင်တာတော့ဝင်တယ်။ သို့ပေမဲ့ ကားခဈေးနှုန်းတွေက မြင့်တက်နေတာ မလျော့သေးဘူး။ ဆွဲတဲ့ကားလည်း အစီးရေနည်းတယ်” ဟု ဦးတင်အောင်ဦးက ပြောသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများအတွင်းရှိ မိုခါမုန်တိုင်းဒဏ်ကြောင့် ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံနှင့် ဆက်စပ်ပစ္စည်းများ ပျက်စီးသွားသည့် မြို့နယ် ၁၀ မြို့နယ်အား ဓာတ်အားစနစ်မှ ဓာတ်အားပြန်လည် ဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်သောကြောင့် မုန်တိုင်းကာလအလွန် ရခိုင်ပြည်နယ်ရှိ မြို့နယ်များအားလုံးကို နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဇူလိုင်လ ၁၃ ရက်တွင် အသိပေးကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *