October 18, 2024

၂၀. ၇. ၂၀၂၃
Written by Min Mahar

နည်းပညာတက္ကသိုလ်(မုံရွာ)အား PDF ငါးဦးက လာရောက်ပစ်ခတ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကပြန်လည်ပစ်ခတ်ခဲ့မှု ယမန်နေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(ဇူလိုင်လ ၁၉ ရက်နေ့)မနက် ၁၁ နာရီ ၄၀ မိနစ်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ဆည်ကြီးတောကျေးရွာအနီးရှိ နည်းပညာတက္ကသိုလ်(မုံရွာ) ကျောင်းပေါက်ဝကို PDF အဖွဲ့မှလူ ၅ ဦးခန့်က လက်လုပ်အာပီဂျီဖြင့် ၂ ချက်၊ လက်နက်ငယ်အတွဲလိုက်အချက် ၂၀ ခန့် ပစ်ခတ်ခဲ့ရာ ကျောင်းပေါက်ဝ၌ လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ပူးပေါင်းလုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း ပြန်လည်ပစ်ခတ်ခဲ့ရာ မြောက်အရပ်ရှိ မိုးညှင်းသမ္ဗုဒ္ဓေဘုရားဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

This image has an empty alt attribute; its file name is photo_2023-07-20_08-08-29-1024x1024.jpg

အဆိုပါပစ်ခတ်ခဲ့မှုကြောင့် ကျောင်းရှေ့မျက်နှာစာ လှေကားအား အာပီဂျီ ထိမှန်ခဲ့သော်လည်း လူထိခိုက်မှုတစ်စုံတစ်ရာရရှိခဲ့ခြင်း မရှိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။

ယင်းနည်းပညာတက္ကသိုလ်(မုံရွာ)အား ဇွန်လ ၁ ရက်နေ့တွင် စတင်၍ဖွင့်လှစ်ခဲ့ရာ ကျောင်းသား/သူ ၁၅၀ ဦးခန့်တက်ရောက်ပညာသင်ကြားနေကြောင်း နည်းပညာတက္ကသိုလ်(မုံရွာ)ပါမောက္ခချုပ် ဒေါက်တာ အောင်မျိုးလင်း၏ ပြောပြချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *