October 18, 2024

ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ်၏ အစီရင်ခံစာတင်သွင်းမှုကို တရုတ်ဝေဖန်ပြစ်တင်

၂၀. ၇. ၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံ၏ ရပ်တည်ချက်က တသမတ်တည်းဖြစ်ကြောင်း တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူမာအိုနင်က ထုတ်ဖော်ပြောဆိုသည်။

၎င်းက “တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့အတွက် မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးဟာ နိုင်ငံနဲ့ပြည်သူတွေရဲ့ရေရှည်အကျိုးစီးပွားကို ရှေးရှုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဥပဒေစည်းကမ်းများအတိုင်း နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေကနေ ပြဿနာတွေကိုဖြေရှင်းဖို့နဲ့ နိုင်ငံတဝှမ်း လူမူတည်ငြိမ်ရေးတွေကို ပြန်ထိန်းနိုင်ဖို့ နည်းလမ်းရှာရမှာဖြစ်တယ်လို့ ယုံကြည်ပါတယ်။ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာအဖွဲ့အစည်းတိုင်းရဲ့လုပ်ဆောင်ချက်တိုင်းဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ လူမှုရေးတည်ငြိမ်မှုကို အထောက်အကူဖြစ်ဖို့  မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို တိုးမြှင့်လုပ်ဆောင်နိုင်ဖို့၊ ပဋိပက္ခတွေအရှိန်မြင့်တက်လာမှာကို ရှောင်ရှားနိုင်အောင်လုပ်ဖို့လိုအပ်တယ်။ ဒါဟာ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ချဉ်းကပ်မှုတွေဖြစ်တယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာအိုနင်က ဇူလိုင် ၁၈ ရက်တွင် ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း Sky News သတင်းဌာနမှသတင်းထောက်၏ မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး မေးမြန်းမှုအပေါ် တုံ့ပြန်ဖြေဆိုခဲ့သည်။

ထို့အပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသည် မြန်မာ နိုင်ငံနှင့်ပတ်သက်ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ်၏ အစီရင်ခံစာတင်သွင်းမှုများကို ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရသည်။

တွမ်အန်ဒရူးစ်သည် ပြီးခဲ့သော မေလက မြန်မာ့အရေးနှင့်ပတ်သက်ပြီး အစီရင်ခံစာတင်သွင်းခဲ့ရာ အဆိုပါအစီရင်ခံစာထဲတွင် မြန်မာ့တပ်မတော်သည် ၂၀၂၁ ခုနှစ်နောက်ပိုင်း အမေရိကန်ဒေါ်လာ ၁ ဘီလျံတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများ တင်သွင်းခဲ့ပြီး တရုတ်နှင့် ရုရှားနိုင်ငံတို့က စစ်လက်နက်ပစ္စည်းများ အဓိကတင်သွင်းရာနိုင်ငံများဖြစ်နေကြောင်း ဖော်ပြထားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူမာအိုနင်က ” မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာတစ်ခုကို ရည်ညွှန်းပြောဆိုရမယ်ဆိုရင် အဲဒီ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ဟာ လုပ်ပိုင်ခွင့်ကို ကျော်လွန်လုပ်ဆောင်နေတယ်လို့ ပြောချင်ပါတယ်။ အဲဒီအစီရင်ခံစာဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံတွေကြား စစ်လက်နက်ပစ္စည်းပုံမှန်အရောင်းအဝယ်လုပ်ဆောင်မှုတွေကို အပုပ်ချတာမျိုးတွေအပြင် မမှန်ကန်တဲ့အချက်အလက်တွေကို အခြေခံထားတာမျိုး ဖြစ်နေတယ်။ တရုတ်အစိုးရဟာ အဲဒီအစီရင်ခံစာကို အခိုင်အမာ ကန့်ကွက်ဆန့်ကျင့်တယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်ရေးအထူးကိုယ်စားလှယ်ကို ရည်မှန်းချက်များအတိုင်းလုပ်ဆောင်ဖို့အပြင် လုပ်ပိုင်ခွင့်အာဏာကို တင်းတင်းကျပ်ကျပ်လိုက်နာပြီး မျှတစွာဆောင်ရွက်ဖို့ တောင်းဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်အနေနဲ့ အထူးကိုယ်စားလှယ်ဆိုတဲ့ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာမှုမရှိရအောင် နိုင်ငံရေး အစီအစဉ်တွေ ဆောင်ရွက်တာမျိုးတွေကို ရပ်တန့်ဖို့လည်း တောင်းဆိုပါတယ်” ဟု ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *