
ဖျူထိုင်းပါတီမှ ဝန်ကြီးချုပ်လောင်းအဖြစ် အဆိုပြုမည့် မစ္စတာ ဆရက်သာ သာဗီဆင်(ယာ) ကို ဝန်ကြီးချုပ်ဟောင်းသက်ဆင်၏သမီး ပေတုံတန် ရှီနာဝါထရာနှင့်အတူ တွေ့ရစဉ်။
MT News
Translated by Htwe Ko Tun
ဇူလိုင် ၁၉ ရက်မှာကျင်းပမဲ့ ထိုင်းနိုင်ငံရဲ့ ပူးတွဲဝန်ကြီးချုပ်ရွေးချယ်ပွဲ ဒုတိယအကျော့ မဲပေးပွဲမှာလည်း Move Forward Party(MFP) ပါတီခေါင်းဆောင် ဝန်ကြီး ချုပ်လောင်း ပီတာ လင်ဂျာရွန်းရတ်အနေနဲ့ ပါလီမန်အမတ်တွေရဲ့ လိုအပ်တဲ့ထောက်ခံမဲ ထပ်မံမရရှိခဲ့ဘူးဆိုရင် ရွေးကောက်ပွဲမှာ ဒုတိယမဲအများဆုံးရခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ ဖျူထိုင်းပါတီအနေနဲ့ ပါတီမှ ဆရက်သာ သာဗီဆင်(Srettha Thavisin) ကို ဝန်ကြီးချုပ်လောင်းအဖြစ် အဆိုပြုသွားမယ်လို့ ပါတီရဲ့ အဆင့်မြင့်အကြံပေးပုဂ္ဂိုလ်ဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ သမီး ပေတုံတန် ရှီနာဝါထရာက ဇူလိုင်လ ၁၈ ရက်မှာပြောခဲ့ပါတယ်။
ပေတုံတန် က “ဖျူထိုင်းပါတီအနေနဲ့ ဒီအခါမှာ ဝန်ကြီးချုပ်လောင်းအမည်ကို အဆိုပြုရရင် မစ္စတာ ဆရက်သာ သာဗီဆင်ကို အဆိုပြုသွားမှာပါ။ ဒါကတော့ရှင်းပါတယ်”လို့ ပြောခဲ့ပါတယ်။
သူက ဆရက်သာ သာဗီဆင်ကို အဆိုမပြုခင်မှာတော့ ဖျူထိုင်းအနေနဲ့ ပီတာ ဝန်ကြီးချုပ်ဖြစ်ဖို့ ကြိုးစားမှုကို ထောက်ခံသွားမှာပါ။ ပီတာ့အနေနဲ့ ဝန်ကြီးချုပ်နေရာအတွက် လုံးဝပယ်ချခံရပြီးမှသာ ဆရက်သာ သာဗီဆင် ကို ဝန်ကြီးချုပ်လောင်းအဖြစ်အဆိုပြုမှာပါလို့ ပြောခဲ့ပါတယ်။
ပီတာ အနေနဲ့ ဇူလိုင်လ ၁၃ ရက်က ပြုလုပ်ခဲ့တဲ့ ဝန်ကြီးချုပ်နေရာအတွက် ပါလီမန်မှာ ပထမအကြိမ် ပူးတွဲမဲပေးပွဲကို အဆိုပြုခဲ့တုန်းကလည်း လုံလောက်တဲ့ထောက်ခံမဲမရလို့ ရှုံးခဲ့ရပါသေးတယ်။ ဇူလိုင်လ ၁၉ ရက်မှာ ပီတာ့ကိုပဲ ဝန်ကြီးချုပ်လောင်းအဖြစ် ဒုတိယအကျော့ ပူးတွဲမဲပေးကြရာမှာ MFP ရဲ့ ရှစ်ပါတီ မဟာမိတ်အဖွဲ့ဝင် ပါတီတွေက အမတ်တွေကတော့ ပီတာ့ကိုပဲ ထောက်ခံမယ်ဆိုကြပါတယ်။ ဒါပေမယ့် ဖျူထိုင်းပါတီ ကတော့ ပီတာအနေနဲ့ ဒုတိယအကြိမ်ဝန်ကြီးချုပ်အဖြစ်ထပ်မံအဆိုပြုမှုက နောင်ကိုလည်း ဒီအတိုင်း ဆက်ပြီးတော့ တည်နေစေမှာတော့ မဟုတ်ဘူးလို့ဆိုခဲ့ပါတယ်။
သက်ဆင်ရဲ့သမီးဖြစ်တဲ့ မစ္စပေတုံတန်က သူမအနေနဲ့ ဆရက်သာရဲ့ စီးပွားရေးဆိုင်ရာအသိပညာ ကြွယ်ဝမှုတွေကြောင့် ပါတီက သူ့ကို ဝန်ကြီးချုပ်လောင်းအဖြစ် အဆိုပြုခြင်းကို ထောက်ခံပါတယ်လို့ ပြောခဲ့ပါတယ်။ ဆရက်သာဟာ Sansiri အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရဲ့ ဥက္ကဋ္ဌဟောင်းလည်းဖြစ်ပါတယ်။
ဖျူထိုင်းအနေနဲ့ MFP ရဲ့ ရှစ်ပါတီမဟာမိတ်အဖွဲ့က ထွက်ခဲ့ရင် ဝန်ကြီးချုပ်နေရာအတွက် ဖျူထိုင်းက အဆိုပြုမှုကိုထောက်ခံသွားမယ်လို့ပြောခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ သတင်းထောက်တွေက မေးမြန်းချက်ကို ပေတုံတန် ကတော့ ဒီကိစ္စအတွက် မဟာမိတ်ရှစ်ပါတီအနေနဲ့ ဆွေးနွေးမှုပြုနေကြတယ်လို့ပဲဖြေခဲ့ပါတယ်။ ဒါ့အပြင် သူမအနေနဲ့ အစိုးရသစ်မှာ ဝန်ကြီးနေရာတစ်နေရာရဖို့ မထင်ထားပါဘူးလို့ ပေတုံတန်က ပြောခဲ့ပါတယ်။
Ref-Bangkok Post