၁၉. ၇. ၂၀၂၃
Written by Peya
ယမန်နေ့က တောင်ဥက္ကလာပရဲစခန်းတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပစ်ခတ်ခံရသူစခန်းမှူးမှာ ပါးပေါက်ထွက် ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရ ကနဦး သိရသည်။
အဆိုပါ ဖြစ်စဉ်မှာ ဇူလိုင်လ ၁၈ ရက် ညပိုင်း ၈ နာရီခွဲအချိန်က တောင်ဥက္ကလာပမြို့နယ်ရဲစခန်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အချင်းများရာကတစ်ဆင့် ရဲတပ်သားအဆင့်ရှိသူက စခန်းမှူး အဆင့်ရှိသူကို ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
“ဖြစ်စဉ်ဖြစ်တာက မှန်ပါတယ်။ စခန်းမှူးကတော့ အခု ဆေးရုံ တင်ထားရတယ်။ ပါးပေါက်ထွက်ဒဏ်ရာရယ် တခြားဒဏ်ရာရယ် ရတယ်။ အပြင်မှာ သတင်းထွက်နေသလို ဆုံးပြီဆိုတာလည်း မဟုတ်ဘူး။ ပစ်တဲ့သူကိုလည်း မိထားပြီ” ဟု အထက်ပါ နီးစပ်သူက ဆိုသည်။
အာဇာနည်နေ့အတွက် အခြားသူများ ပြင်ပတွင် လုံခြုံရေး တာဝန်ထမ်းဆောင်နေရသောကြောင့် ကင်း ၂ ကြိမ် ချထားခံရသည့်အပေါ် ရဲတပ်သားပြောရာကတစ်ဆင့် စကားများပြီး အထက်ပါ ဖြစ်စဉ်ဖြစ်ပွားသည်ဟု သတင်းထွက်သော်လည်း အဆိုပါ အချက်ကို သီးသန့် အတည်ပြုနိုင်ခြင်း မရှိသေးပေ။