
ပျောက်ဆုံးနေသော မြန်မာမိသားစုမှ ဇနီးမောင်နှံ
MT News
Written by Nay Aung
မလေးရှားရဲတပ်ဖွဲ့အနေဖြင့် ပျောက်ဆုံးလျက်ရှိနေသော ကုလသမဂ္ဂဒုက္ခသည်ကတ် ကိုင်ဆောင်ထားသော မြန်မာမိသားစုကို စုံစမ်းရှာဖွေလျက်ရှိနေကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
အသက် ၄၆ နှစ်အရွယ်ရှိ မသူဇာမောင်အပြင် သူမ၏ ခင်ပွန်းနှင့် သားသမီး သုံးဦးတို့သည် ဇူလိုင် ၄ ရက်နေ့တည်းက ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး ပြန်ပေးဆွဲခံရမည်ကို စိုးရိမ်မိကြောင်း လူအခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ HRW က ပြောသည်။
မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ် ရဲတပ်ဖွဲ့အကြီးအကဲ ရဲမှူးကြီး ဟူစိန်အိုမာခန်းက မြန်မာမိသားစုဝင်ငါးဦးပျောက်ဆုံးနေသည့် သတင်းကို လက်ခံရရှိခဲ့ပြီးနောက် အဖွဲ့ဖွဲ့ကာ စုံစမ်းရှာဖွေလျက်ရှိနေကြောင်း ပြောသည်။
မလေးရှားရဲတပ်ဖွဲ့အနေဖြင့် ပြန်ပေးဆွဲခံရသော ပြစ်မှုအပါအဝင်အခြား ရာဇာဝတ်မှုပုဒ်မများဖြင့် အမှုဖွင့်ကာ စုံစမ်းစစ်ဆေးနေခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း အသေးစိတ်ပြောဆိုခြင်းမျိုးမရှိကြောင်း သိရသည်။
လူအခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ ၏ အာရှရေးရာ ဒါရိုက်တာဖြစ်သူ ပီယာဆန်က ” မလေးရှားအစိုးရဟာ မသူဇာမောင်နဲ့ အတူ ခင်ပွန်း၊ သားသမီးတွေ ဘယ်နေရာကိုရောက်ရှိနေသလဲဆိုတာနဲ့ ဘေးကင်းလုံခြုံမှုရှိရဲ့လား ဆိုတာကို စုံစမ်းစစ်ဆေးပေးစေလိုတယ်။” ဟု မကြာသေးမီက သတင်းထုတ်ပြန်ခဲ့သည်။
သို့သော် ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တစ်စုံတရာမှတ်ချက်ပြု ပြောဆိုခြင်းမျိုးမရှိသေးကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
CCTV မှတ်တမ်းများတွင် ဇူလိုင် ၄ ရက်နေ့က မသူဇာမောင်တို့ နေထိုင်သော အိမ်ခြံအတွင်းကို ကားတစ်စီးဝင်ရောက်လာခဲ့ကြောင်း ဖော်ပြခဲ့သလို မသူဇာမောင်၏ မိတ်ဆွေတစ်ဦးက ၎င်းနှင့် မသူဇာမောင်တို့ ဖုန်းဆက်ပြောဆိုချိန်အတွင်း အိမ်ကိုအမည်မသိ လူများ ဝင်ရောက်လာသည်ဆိုသောအချက်ကို ပြောဆိုခဲ့သည် ဆိုထားပြီး ထိုအချိန်မှစ ပျောက်ဆုံးနေကြခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် မသူဇာမောင်အပြင် ခင်ပွန်း၊ သားသမီးများအသုံးပြုသော ဖုန်းများ စက်ပိတ်ထားပြီး ဆက်သွယ်လို့မရဖြစ်နေကြောင်း လူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောသည်။ မသူဇာမောင်တို့ မိသားစုသည် ၂၀၁၅ ခုနှစ်တွင် မလေးရှားနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး မြန်မာဒုက္ခသည်အရေး ဆောင်ရွက်နေသူဖြစ်ကြောင်း သိရသည်။
Ref- Reuters