◾ယခုညနေ၌ပင် ပီတာရဲ့ ဝန်ကြီးချုပ်နေရာအတွက် အဆိုပြုမှုကို ဒုတိယအကျော့ ပူးတွဲမဲပေးပွဲကျင်းပမည်
၁၉. ၇. ၂၀၂၃
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးက Move Forward Party (MFP) ပါတီခေါင်းဆောင်နဲ့ ဝန်ကြီးချုပ်အဖြစ် အဆိုပြုထားတဲ့ ပီတာ လင်ဂျာရွန်ရတ်ကို အောက်လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံထားရမှုကနေ ဇူလိုင်လ ၁၉ ရက် နံနက်မှာ ရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။
ပီတာ အနေနဲ့ လည်ပတ်မှုမရှိတော့တဲ့ iTV မီဒီယာလုပ်ငန်းမှာ အစုရှယ်ယာတွေပိုင်ဆိုင်ခဲ့မှုနဲ့ပတ်သက်လို့ တိုင်ကြားချက်တစ်ရပ်ကို ခုံရုံးက လက်ခံစဉ်းစားခဲ့ပြီးနောက် အခုအခါ ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါ တယ်။ ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက ပါလီမန်အမတ်တွေကို မီဒီယာအဖွဲ့အစည်းတစ်ခုခုမှာ ရှယ်ယာပိုင်ဆိုင်မှုကို တားမြစ်ထားပါတယ်။ ပီတာကတော့ အဆိုပါ အစုရှယ်ယာ ၄၂,၀၀၀ ဟာ သူ့ရဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဖခင်ရဲ့ ပိုင်ဆိုင်မှုတွေဖြစ်ပြီး ၎င်းက သေတမ်းစာအရ စီမံခန့်ခွဲရခြင်းသာဖြစ်ကြောင်း ငြင်းခဲ့ပါသေးတယ်။ ဒါ့ပြင် ရှယ်ယာတွေကို ဆွေမျိုးတွေထံ လွှဲပြောင်းပေးပြီးဖြစ်တယ်လို့ ပီတာကပြောခဲ့ပါတယ်။
အခုလို ပီတာကို ပါလီမန်အမတ်အဖြစ်ဆိုင်းငံ့လိုက်ခြင်းက သူ့ရဲ့ ဝန်ကြီးချုပ်အဖြစ်အဆိုပြုမှုကိုတော့ ထိခိုက်တားဆီးခြင်းမရှိဘူးလို့ဆိုပါတယ်။ ပီတာဟာ သူ့ရဲ့ ဝန်ကြီးချုပ်နေရာအတွက် အဆိုပြုမှုကို အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်အမတ်တွေရဲ့ ဒုတိယအကျော့ ပူးတွဲမဲပေးပွဲကိုလည်း ဇူလိုင်လ ၁၉ ရက် ညနေမှာပြုလုပ်မှာပါ။
ပီတာရဲ့ဒီအမှုအပေါ် စုံစမ်းတွေ့ရှိချက်တွေကို ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့တစ်ပတ်ခန့်ကပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးသို့ တင်သွင်းခဲ့တာပါ။ ဒီမနက်မှာတော့ ခုံရုံးတရားသူကြီးတွေက အမှုကို အားလုံးသဘောတူ လက်ခံခဲ့ကြတယ်လို့လည်း သိရပါတယ်။ခုံရုံးက ပီတာ့အတွက် ဆုံးဖြတ်ချက်အပေါ် ၁၅ ရက်အတွင်း ဖြေရှင်းချက်ပေးဖို့ တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။
Ref—– Bangkok Post