၁၉. ၇. ၂၀၂၃
Written by Thettant
တွန်းလှည်းဖြင့် ကြက်ကြော်ရောင်းသော အမျိုးသားတစ်ဦး ကြက်သားကြော်နေစဥ် ဦးနှောက်သွေးကြောပြတ်ကာ ကြော်နေသောဆီအိုးထဲ မျက်နှာအပ်၍ သေဆုံးမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။
ဖြစ်စဥ်မှာ ယမန်နေ့ ဇူလိုင် ၁၈ ရက် နေ့လယ် ၁၂ နာရီခန့် အချိန်က ရွှေပေါက္ကံမြို့သစ် ၁၂ ရပ်ကွက် အောင်ရာဇာလမ်းမကြီး သံလွင်လမ်းသွယ်မှ တွန်းလှည်းဖြင့်ကြက်သားကြော်ရောင်းသော အသက် ၄၅ နှစ်နှင့် ၅၀ ဝန်းကျင်အရွယ် တစ်ဦးတည်းနေသော အမျိုးသားသည် ညနေစျေးရောင်းရန် နေအိမ်လိုင်းခန်းအတွင်း ကြက်သားများအား ဒယ်နီနှင့်ကြော်နေစဥ် ဦးနှောက်သွေးကြောပြတ်၍ မျက်နှာသည်ဒယ်အိုးထဲသို့ကျ၍ သေဆုံးမှုဖြစ်ပွားခဲ့သည်ဟု ကူညီပေးခဲ့သည့် ထာဝရအလင်းတန်းလူမူကူညီကယ်ဆယ်ရေးအသင်းမှ သိရသည်။
“အသက် ၄၅ နဲ့ ၅၀ ကြားဝန်းကျင်အမျိုးသားပေါ့။ သူကလိုင်းခန်းမှာ တစ်ဦးတည်းနေတာ။ ညနေဆို ကြက်ကြော်ရောင်းဖို့ မနက်ကတည်းက သူကပြင်ဆင်ကြော်လှော်တာပေါ့။ အဲဒီမှာ ဦးနှောက်သွေးကြောပြတ်ပြီး သတိလစ်သွားတာပေါ့။ သတိလစ်သွားလို့ အသိမရှိတော့ချိန်မှာ မျက်နှာက သူကြော်တဲ့အိုးထဲ အပ်ကျသွားတာပေါ့။ ဆီပူအိုးထဲကျလို့ သေသွားတာတော့မဟုတ်ဘူး။ ဦးနှောက်သွေးကြောပြတ်ပြီး ဆီပူအိုးထဲမကျခင်ကတည်းက အသက်ပါသွားတဲ့သဘောပေါ့။ အသိနောက်ကျတော့ ပလပ်ဖြုတ်ပြီး သူ့ကိုဆွဲလှန်လိုက်ချိန်မှာ မျက်နှာတစ်ခုလုံးကတော့ ကျက်သွားတာပေါ့”ဟု ထာဝရအလင်းတန်းလူမူကူညီကယ်ဆယ်ရေးအသင်းမှ ဥက္ကဋ္ဌက MT News သတင်းဌာနသို့ ပြောကြားသည်။
သေဆုံးလူနာအား ထာဝရအလင်းတန်းလူမူကူညီကယ်ဆယ်ရေးအသင်းက ဆေးရုံသို့ PR. 49 ဖြင့် အပ်နှံကူညီပေးခဲ့သည်ဟုလည်း သိရှိရသည်။