၁၉. ၇ .၂၀၂၃
Written by Hey Mar
ဒီနေ့ ဇူလိုင် ၁၉ ရက် မနက်အစောပိုင်းက မွန်ပြည်နယ်တစ်ဝိုက် မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် မော်လမြိုင်မြို့နယ်အတွင်း အဆောက်အဦပြိုကျမှုနဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ မော်လမြိုင်အခြေစိုက် လူမှုကူညီရေးအသင်းအဖွဲ့တွေဆီကနေ သိရပါတယ်။
မော်လမြိုင်-ဘားအံကားလမ်းဘေး၊ ညောင်ပင်ဆိပ်ရပ်ကွက်၊ အတ္ထရံတံတားထိပ်က အဆောက်အဦရဲ့ အုတ်တံတိုင်းပြိုကျမှုဖြစ်ပွားခဲ့ပြီး လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်မြတ်သော နှလုံးသားပိုင်ရှင် လူမှုကူညီကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။
ဖြစ်စဥ် သတင်းအရ မော်လမြိုင်ခရိုင်မီးသတ်စခန်းနဲ့ ညောင်ပင်ဆိပ်နယ်မြေမီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ ၊ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ အတူပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ရာမှာ ပိမိနေတဲ့ လူနာ(၂)ဦး(မစိုးရိမ်ရ)ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
မိုးသည်းထန်စွာရွာသွန်းမှုရဲ့ နောက်ဆက်တွဲအနေနဲ့ အတ္တရံမြစ်ရေလျှံတဲ့ အခြေအနေကိုလည်း မော်လမြိုင်မြို့ရဲ့ ရပ်ကွက်တချို့မှာ ကြုံတွေ့နေရတာပါ။
မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်၊ ဥယျာဉ်လမ်းမှာတော့ ရေကြီးတဲ့ဒဏ်ကို ဆိုးဆိုးရွားရွား ခံနေရတာကြောင့် မော်လမြိုင်မြို့နယ်မီးသတ်ဦးစီးမှူးရုံးက အုပ်ချုပ်မှုယာဉ် (၁) စီး၊ လူမှုကယ်ဆယ်ရေးယာဉ် (၃)စီး၊ ရှာဖွေကယ်ဆယ်ရေးလှေ( ၉)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ သက်ဆိုင် ရာ လူမူကယ်ဆယ်ရေးအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ပြည်သူများအား ဘေးကင်းရာသို့ ရွေ့ပြောင်းခြင်းလုပ်ငန်းတွေကိုလည်း ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။