October 18, 2024

၁၈. ၇. ၂၀၂၃
Written by Pan Ei

ပြီးခဲ့တဲ့ ဧပြီလကစပြီး ပစိဖိတ်သမုဒ္ဒရာထဲမှာ မျောပါနေခဲ့တဲ့ သြစတြေးလျအမျိုးသားနဲ့ သူရဲ့ ခွေးလေးကို နိုင်ငံတကာရေပြင်မှာ မက္ကဆီကို တူနာငါးဖမ်းသင်္ဘောတစ်စီးက ကယ်တင်နိုင်ခဲ့တယ်လို့ ငါးဖမ်းသင်္ဘောပိုင်ရှင်က တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

အသက် ၅၄ နှစ်အရွယ် Timothy Lyndsay Shaddock လို့ အမည်ရတဲ့ သြစတြေးလျအမျိုးသားဟာ သူရဲ့ခွေးလေး ဘယ်လာနဲ့အတူ မက္ကဆီကိုနိုင်ငံ La Paz မြို့ကနေ ကီလိုမီတာ ၆၀၀၀ လောက်ကွာဝေးတဲ့ ပြင်သစ်ပိုင် ပိုလီနီးရှားကျွန်းကို ပြီးခဲ့တဲ့ ဧပြီလက စတင်ကာ ရေကြောင်းခရီးထွက်ခွာခဲ့တာဖြစ်ပြီး ရက်သတ္တပတ်များစွာအကြာမှာ မုန်တိုင်းကြောင့် သူတို့ရဲ့လှေ ပျက်စီးသွားခဲ့ကာ လှေပေါ်မှာပါတဲ့ အီလက်ထရွန်းနစ်ပစ္စည်းတွေလည်း ပြတ်တောက်သွားခဲ့ပြီး အဲ့ဒီနောက်မှာတော့ သူတို့ဟာ မိုးရေနဲ့ ဖမ်းမိတဲ့ ငါးအစိမ်းတွေကို စားကာ အသက်ဆက်ခဲ့တယ်လို့ သိရပါတယ်။

ပစိဖိတ်သမုဒ္ဒရာထဲမှာ ပျက်နေတဲ့လှေနဲ့အတူ မျောပါနေခဲ့တဲ့ သူတို့ကို ရဟတ်ယာဉ်တစ်စီးက တွေ့ရှိပြီးတဲ့နောက် တူနာငါးဖမ်းသင်္ဘောက ကယ်ဆယ်နိုင်ခဲ့တာဖြစ်ပြီး Shaddock က ငါးဖမ်းကိရိယာက သူနဲ့ ဘယ်လာ အသက်ရှင်နိုင်ဖို့ ကူညီပေးခဲ့တာပါ လို့ ပြောကြားခဲ့ပါတယ်။

မက္ကဆီကို ငါးဖမ်းသင်္ဘော Grupomar ရဲ့တည်ထောင်သူနဲ့ ဥက္ကဋ္ဌဖြစ်တဲ့ Antonio Suárez Gutiérrez ကတော့ ဒုက္ခရောက်နေတဲ့သူကို ကယ်တင်နိုင်ခဲ့တဲ့ သူ့အဖွဲ့သားတွေအတွက် ချီးကျူးဂုဏ်ယူမိတယ်လို့ ပြောကြားခဲ့ပြီး အဲ့ဒီ တူနာငါးဖမ်းသင်္ဘောဟာ အခုအခါ မက္ကဆီကိုနိုင်ငံကို ပြန်လည်ထွက်ခွာနေပြီဖြစ်ကာ Shaddock ဟာလည်း ဆေးစစ်ကုသမှုတွေ ဆက်လက်ခံယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Ref; abc news

Leave a Reply

Your email address will not be published. Required fields are marked *