October 18, 2024

၁၈. ၇. ၂၀၂၃
Written by Hey Mar

ရန်ကုန်တိုင်း‌ဒေသကြီး၊ မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်ကျေးရွာမှာနေတိုင်တဲ့ စတုတ္ထတန်းကျောင်းသားတစ်ဦး ကျောင်းမနေချင်လို့ နေအိမ်ကနေ ထွက်သွားရာက ပျောက်ဆုံးနေတဲ့အတွက် မှော်ဘီမြို့နယ် အပိုင်ရဲစခန်းမှာ ဇူလိုင်လ ၁၇ ရက်နေ့ မနက်ပိုင်းက လူပျောက်မှုနဲ့တိုင်ကြားထားတယ်လို့ သိရပါတယ်။

ကလေး နာမည်က မောင်ကောင်းဆက်ပိုင်ဖြစ်ပြီး ညောင်နှစ်ပင် အထက ကျောင်းခွဲ စတုတ္ထတန်းမှာ ပညာသင်နေဆဲကျောင်းသားလို့သိရပါတယ်။ ဒီလ ၁၃ ရက်နေ့ မနက်ပိုင်းက ကျောင်းမသွားချင်ဘူး၊ မတက်ချင်တော့ဘူးလို့ ပြောတဲ့အတွက် မိဘ နှစ်ဦးစလုံးက ရိုက်မောင်း ပုတ်မောင်း လုပ်ကာ ကျောင်းကို အတင်းအကြပ်သွားစေခဲ့ပြီး အဲ့ဒီနေ့ကတည်းက အိမ်က ထွက်ပြေးခဲ့တာလို့ အဖေဖြစ်သူ ဦးချစ်ကိုမောင်က MT News ကို ပြောပါတယ်။

“ကပ်ရောဂါအခြေအနေတွေနဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ဆိုတော့ ကလေးက အသက်က ၁၂ နှစ်ကျော်ပေမယ့် အတန်းက ငယ်နေတယ်။ သူ့သူငယ်ချင်းတွေက ၅ တန်း ၆ တန်းတွေ ရောက်နေကြတော့ သူက ကျောင်းမတက်ချင်တော့ဘူး။ အဲ့ဒါကို ခဏခဏ ကျောင်းပြေးလိုက် မတက်လိုက်ဆိုတော့ အိမ်မှာ ဆူပူရတာပါ။ ၁၃ ရက်နေ့ကတော့ တော်တော်လေးဆူပြီးလွှတ်လိုက်တော့ စက်ဘီးနဲ့ကျောင်းကိုတော့ အိမ်ကနေထွက်သွားတယ်။ ကျောင်းကိုရောက်မလာဘူးဆိုတော့ အဲဒီမှာရှာကြတော့ မင်္ဂလာဒုံ ပုလဲသင်္ဃန်းကျွန်းကြီးဘက်က သူ့အဒေါ်တွေအိမ်ကို စက်ဘီးနဲ့ရောက်လာတယ်ဆိုတော့ စိတ်အေးသွားတာပေါ့။ အဒေါ်တွေက ၁၆ ရက်နေ့ တနင်္ဂနွေနေ့မှာ အိမ်ပြန်လိုက်ပို့မယ်ပြောတော့ အဲ့ဒီနေ့မနက်အစောကြီးကတည်းက စက်ဘီးနဲ့ ပြန်ထွက်ပြေးသွားတာ ဒီနေ့အထိ ဘာအဆက်အသွယ်မှ မရလို့ပါ”လို့ MT News ကို ပြောပါတယ်။

မောင်ကောင်းဆက်ပိုင် စီးတဲ့ စက်ဘီးအမျိုးအစားက BMX ခေါက်ဘီး အမျိုးအစားလေးဖြစ်ပြီး ကျောပိုးလွယ်အိတ်တစ်လုံး၊ အရောင်မမှတ်မိတဲ့ တီရှပ်အင်္ကျီနဲ့ ဘောင်းဘီတိုကို ဝတ်ဆင်ထားတယ်လို့ ပြောပါတယ်။ ရန်ကုန်မြို့မှာ သူအိမ်ပေါ်ကဆင်းပြီးသွားနေတဲ့ မင်္ဂလာဒုံက အဒေါ်အိမ်ကလွဲရင် သွားစရာ အသိမိတ်ဆွေလည်းမရှိသလို မိဘနှစ်ဦး စိတ်ပူပင်သောက ရောက်နေရတာကြောင့် မောင်ကောင်းဆက်ပိုင်ကို တွေ့ရှိပါက အောက်ပါ ဖုန်းနံပါတ်တွေကို အကြောင်းကြားပေးဖို့ MT News ကနေတဆင့် ဖခင်ဖြစ်သူက အကူအညီတောင်းခံလာပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *