October 18, 2024

ပုံစာ - ကွာလာလမ်ပူမြို့က မြန်မာသံရုံးကို တွေ့မြင်ရစဉ်

၁၈. ၇. ၂၀၂၃
Written by Peya

မလေးရှားရောက် မြန်မာနိုင်ငံသားများအနေဖြင့် သံရုံးတွင် နိုင်ငံကူးလက်မှတ်နှင့် ပတ်သက်၍ ဆောင်ရွက် ရာတွင် ကြန့်ကြာသောကြောင့် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း မလေးရှားနိုင်ငံရောက် အမည်မဖော်လိုသူ မြန်မာနိုင်ငံသားတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

လက်ရှိမလေးရှားတွင် ရောက်နေသော မြန်မာနိုင်ငံသား အရေအတွက်မှာ များသည့်အပြင် ကိုဗစ်ကာလကလည်း နိုင်ငံကူးလက်မှတ်နှင့် ပတ်သက်၍ အသစ်လျှောက်ခြင်း၊ သက်တမ်းတိုးခြင်း၊ ပျောက်ဆုံးလျှောက်ခြင်းတို့ ဆောင်ရွက်ပေးခြင်းကို ရပ်ထားခဲ့သကဲ့သို့ ကြားတွင်လည်း အထက်ပါ လုပ်ငန်းစဉ်ကို တစ်လပိတ်ခဲ့သေးသောကြောင့် ထပ်နေသည့် အနေအထား ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“အခုကျတော့ နိုင်ငံကူးလက်မှတ်လုပ်တာမှာ ကြာနေတာ။ အရင်က အုပ် ၁၀၀ ကို မြန်မာပြည်ကနေ ပြန်ပို့တယ်ဆို အခုက စာအုပ်ကို ၃၀ ပဲ ပို့တော့တာမျိုး ဖြစ်နေတာ။ သတ်မှတ်ထားတဲ့ ရက်မရဘူး။ ပြီးတော့ ရက်ချိန်းတွေကလည်း ထပ်နေတာ။ သံရုံးမှာလည်း ညနေကို ၆ နာရီ ၇ နာရီအထိ လုပ်ပေးနေတာ။ တကယ်လို့ လျှောက်တဲ့သူတွေက လျှောက်ထားတဲ့ စာအုပ်ရရင်တောင် မလေးရှားက အလုပ်ပါမစ် လျှောက်ဖို့ မမီတော့ဘူး” ဟု အထက်ပါ မြန်မာနိုင်ငံသားက ဆိုသည်။

ထိုသို့ ကြန့်ကြာသည့်အတွက် တရားဝင် အလုပ်သမားများအနေဖြင့် သူဌေးထံမှ ခွင့်ပြုချက်ဖြင့် Special Pass ပြန်လည် လျှောက်ထားရခြင်းမျိုး ရှိနေကြောင်းလည်း သိရသည်။

“ရက်ချိန်းတွေက ကြာနေတာပေါ့နော်။ ကြာနေတော့ အခက်အခဲ ဖြစ်နေတယ်။ ပတ်စ်ပို့ အဟောင်းသမားကတော့ ရတယ်လို့ သိရတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိ မလေးရှားနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားများ များလာပြီး လုပ်ငန်းများမှာ စီးပွားရေးမကောင်းဘဲ ကုန်စျေးနှုန်းလည်း တက်နေသည့်အတွက် မလေးရှားရောက် မြန်မာနိုင်ငံသားများအနေဖြင့် ယခင်ထက် ဝင်ငွေလျော့နည်းခြင်းများ ရှိနေကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *