၁၈. ၇. ၂၀၂၃
Written by Peya
ထိုင်းနိုင်ငံတွင် ဆေးကုသမှု ပြန်လည်ခံယူနေသည့် မိုင်းဖုန်းဆရာတော်ဘုရားကြီး၏ ကျန်းမာရေး အခြေအနေ ကောင်းမွန်သော်လည်း ဆေးရုံဆင်းမည့်ရက်ကို မသိရသေးကြောင်း တောင်တန်းသာသနာပြု ဆရာတော် ဦးသုခမိန္ဒ (စဝ်ဆုခမ်း) က MT News သတင်းဌာနသို့ မိန့်ကြားသည်။
မိုင်းဖုန်းဆရာတော်ဘုရားကြီးသည် ဇူလိုင်လ ၁၄ ရက်တွင် ထိုင်းနိုင်ငံသို့ ထပ်မံတင်ပို့ကုသခဲ့ရခြင်းဖြစ်ပြီး ယခု တစ်ကြိမ် ဆေးရုံတက်ကုသမှုမှာ တစ်လအတွင်း ဒုတိယအကြိမ်မြောက် ဖြစ်သည်။
“ဆေးရုံဆင်းရမယ့် ရက်ကို မသိရသေးဘူး။ ကျန်းမာရေးက ကောင်းပါတယ်။ ဘန်ကောက်မြို့က ဘန်ကောက်ဆေးရုံမှာ ဆေးကုသမှု ခံယူနေတာပါ” ဟု ဆရာတော်က မိန့်ကြားသည်။
ဘန်ကောက်ဆေးရုံတွင် ကျန်းမာရေး စစ်ဆေးမှုခံယူရင်း ဆရာတော်ကြီး၏ ပိုးစားထားသည့် သွားတစ်ချောင်းကို ဆရာဝန်များက နှုတ်ပေးခဲ့ကြကြောင်း ဆရာတော် ဦးသုခမိန္ဒက မိုင်းဖုန်းဆရာတော်ကြီး၏ ဓာတ်ပုံနှင့်အတူ ဇူလိုင်လ ၁၈ ရက်တွင် လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်၌ ဖော်ပြပေးခဲ့သည်။
“အစာအိမ် (ဝေဒနာ) လည်း ပါမှာပေါ့” ဟု ဆရာတော်ကြီး ဆေးကုသမှုခံယူနေသည့် အခြေအနေနှင့် ပတ်သက်၍ ဆရာတော်က မိန့်ကြားသည်။
ဝါတွင်း ၃ လ အဓိဌာန်ဝင်ရန်အတွက် မိုင်းဖုန်းဆရာတော်သည် မိုင်းလားအထူးဒေသ (၄) မိုင်းခန့် ဖဝတ်ဂူသို့ အဓိဌာန်ဝင် ကြွရောက်ခဲ့ပြီး မဝင်မီ မနက်ပိုင်းက မှိုဆွမ်းဟင်း ဘုဉ်းပေးရာ မှိုဆိပ်တက်သည့် ဝေဒနာကို ခံစားခဲ့ရသောကြောင့် ဇူလိုင် ၈ ရက်တွင် ထိုင်းနိုင်ငံသို့ ဆေးကုသမှု ခံယူရန် ပို့ဆောင်ခဲ့ရသေးကာ ဇူလိုင်လ ၉ ရက်တွင် ပထမအကြိမ် ဆေးရုံက ဆင်းခဲ့ရခြင်း ဖြစ်ပြီး ဇူလိုင် ၁၄ ရက်မှ ယနေ့အထိ ဆက်လက်ကုသမှုခံယူနေရဆဲဖြစ်သည်။